စစ်ကောင်စီတပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နှစ်လအတွင်း တပ်ရင်းမှူး ရှစ်ဦးအပါအဝင် စစ်ကောင်စီတပ်မှ အရာရှိ ၁၂၈ ဦးထိခွင့်မဲ့ ပျက်ကွက်အဖြစ် တပ်တွင်းထွက်ပြေးမှုများ ဖြစ်ပွားနေကြောင်း စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်က ပြောကြားသည်။
ကရင်နီ(ကယား)ပြည်နယ်စစ်ဆင်ရေးသို့လိုက်ပါလိုခြင်းမရှိသဖြင့် ထိုသို့တပ်တွင်းထွက်ပြေးမှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။
“ကယားက ဘယ်လောက် အခြေအနေဆိုးသလဲဆို အခု ကကကြည်း ကနေ အရင်ဆိုစစ်ဆင်ရေးဆိုပြီး အမည်တပ်ပြီး ဝင်တာ။အခုလုံခြုံရေး ယူမယ် ဆိုတဲ့ စာ သားကိုပြောင်းထားရတယ်။စစ်ဆင်ရေးဆို ဘယ်သူမှ မထွက်ချင်ဘူးလေ။တနသ်ာရီ ကနေ မြောက်ပိုင်းက တပ်ရင်းတွေတိုင်း၊တပ်ဖွဲ့ဝင်တိုင်းသိတယ်။အသေခံစစ်ဆင်ရေးဆိုတာ”ဟု အထက်ပါ သတင်းရင်းမြစ်က ရှင်းပြသည်။
ကရင်နီ(ကယား)ပြည်နယ်စစ်ဆင်ရေးကို စစ်ကောင်စီက အလယ်ပိုင်းတိုင်းတပ်ရင်းများကို အဓိကထား အသုံးပြုနေသည်ဟုလည်း ၎င်းကဆက်ပြောသည်။
ခွင့်မဲ့ပျက်ကွက်ဖြင့် တပ်တွင်းထွက်ပြေးများ၊ ရှေ့တန်းထွက်စစ်တိုက်ရန် အမိန့်ဖိဆန်မှုများကြောင့် အလယ်ပိုင်းတိုင်းမှ တပ်ရင်းမှူး (အချုပ်ကျနေဆဲ) အပါအဝင် ရှစ်ဦးမှာ စစ်ကောင် စီ၏ အရေးယူမှုကိုခံယူနေရပြီး ဒုတပ်ရင်းမှူး ၁၆ ဦးမှာလည်း ခွင့်မဲ့သတ်မှတ်၍ တိမ်ရှောင်နေကြောင်း လည်း စုံစမ်းသိရသည်။
“တစ်နိုင်ငံလုံးရဲ့ စစ်ကောင်စီတပ်သား ရှိ/ထွက် စာရင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ကိုင်ထားတာ ဖြစ်တယ်။နေ့စဥ်ကြေးနန်းအရ ဘယ်တပ်ရင်း ဘယ် လောက်လဲ ဆိုတာ သူတို့အသိဆုံး။ခွင့်မဲ့ပျက်ကွက် နှစ်နာရီကျော်တာ နဲ့ CDM လို့ တပ်တွင်းသတ်မှတ်ထားတာ။ပြောချင်တာ တော့ တပ်တွင်း ပြိုကွဲမှုက အထဲမှာတောက်လျှောက်ဖြစ်နေတယ်”
ဟု စစ်ကောင်စီ၏ အဆင့်မြင့်ဆက်သွယ်ရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ကရင်နီဒေသ သို့ ထိုးစစ်ဆင်ရန် ထွက်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်တပ်ရင်းများ၏ တပ်ဖွဲ့စည်းပုံအရ လူအင်အားအပြည့်မပါရှိကြောင်း လည်း ၎င်းက အသိပေးသည်။
“အရင်က တပ်ရင်းအလိုက် ရှေ့တန်းထွက်ရင် ရှေ့ ၈၀ သွားမလား နောက် ၆၀ ချန်မလား။ဒါမှမဟုတ် ရှေ့ ၆၀ နောက် ၆၀ ပေါ့အခုက တပ်ရင်းတွေတိုင်းက ဖွဲ့စည်းပုံအရင်လိုမရှိတော့ဘူး။စုစုပေါင်း အင်အား ၈၀ လောက်ရှိဖို့ မနည်းကျားကန်နေရတယ်”ဟု အထက်ပါတပ် ကြပ်ကြီးက ဆက်ပြောသည်။
ကရင်နီ(ကယား)ပြည်နယ်၊မယ်စဲ့ မြို့ ပြန်လည်ရရှိရေးအပါအဝင် အဓိကလမ်းမကြီးများကို ထိန်းချုပ် နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိသော်လည်း မြေပြင်တွင် ၎င်းတို့တပ်သားအများအပြားသေဆုံး၊ဒဏ်ရာရပြီး လက်နက်ခဲယမ်းများဆုံးရှုံးကာအထိနာနေရှိသည်။
သြဂုတ်လက ရှမ်းပြည်နယ် ၊ကလောမြို့နယ်အခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများမှာ ကရင်နီပြည်ထဲသို့စစ်ကြောင်းထိုးဝင်ရောက်လာရာ ဖားဆောင်းနှင့် ဒီးမော့ဆို မြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူးများအပါအဝင် အရာရှိ၊စစ်သားအများအပြားသေဆုံး၊ဒဏ်ရာရပြီး တပ်ရင်းလိုက်ပါဖရိုဖရဲဖြစ်ခဲ့သည်။
KNDF စစ်ရေးချုပ် ခူးရီးဒူကလည်း “ကရင်နီပြည်ရောက် မအလတပ်မပျောက်” ကမ်ပိန်း မှ စီစဉ်တင်ဆက်သော “ကရင်နီခြေလှမ်း” အမေးအဖြေကဏ္ဍတွင် ကရင်နီပြည်နယ်၌ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများမှာ ၂၀၂၂ ခုနှစိတွင် တပ်မဖွဲ့စည်းပုံပျက်သည့်အထိ့ အထိနာခဲ့ပြီး ၊၂၀၂၃ ခုနှစ်တွင် ထပ်မံဝင်ရောက်လာသော တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများမှာလည်းသေဆုံးထိခိုက်သူများ၍ တပ်မဖွဲ့စည်းပုံပျက်နေပြီဖြစ်ကြောင်း ပြောကြားသည်။
ကရင်နီပြည်တွင် စစ်ကောင်စီတပ်ထံမှ ၁၂၀ မမ အပါအဝင်လက်နက်ကြီး ၊လက်နက်သေးများစွာသိမ်းဆည်းရရှိထားသည်။ စစ်ကောင်စီတပ်ကလည်း ကရင်နီသို့စစ်ကြောင်းများဆက်တိုက်ပို့နေသဖြင့် ခုခံစစ်မှ တန်ပြန်ထိုးစစ်ဆင်နိုင်ရန်အတွက် လက်နက်မှာ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်များအထိုက်အလျှောက်ရှိပြီဖြစ်၍ ပြည်သူများက ကျည်နှင့်ခဲယမ်းများအတွက် ပိုမိုကူညီပေးကြရန်လည်း KNDF စစ်ရေးချုပ်က မေတ္တာရပ်ခံထားသည်။