ကသာမြို့ဘက်မှ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများ ယနေ့နံနက် ရွှေကူမြို့သို့ ဆိုက်ရောက်လာကတည်းက သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသလို ဆင်တပ်ကျေးရွာကိုလည်း မီးရှို့နေသည်ဟု သတင်းရရှိသည်။
စစ်ကောင်စီသင်္ဘောများသည် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုခံရပြီး ယမန်နေ့ည ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီး၌ ညအိပ်ကြကာ ယနေ့နံနက် ဩဂုတ် ၇ က်နေ့တွင် ရွှေကူမြို့သို့ ဆိုက်ရောက်လာကြောင်း မြို့ခံတစ်ဦးက ပြောသည်။
သင်္ဘောဆန်တက်လာသည့် သတင်းကြောင့် ရွှေကူမြို့နှင့် ဧရာဝတီမြစ်သာ ခြားထားသည့် ဆင်တပ်ကျေးရွာပြည်သူများလည်း တိမ်းရှောင်ကြသူများရှိသည်ဟု ပြောသည်။ စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆင်တပ်ရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ခံရသည်ဟုလည်းပြောပြီး မီးရှို့ခံရသည့် အိမ်အရေအတွက်ကို မသိရသေးကြောင်း ပြောသည်။
“ဝင်ကတည်းက အခုထိ လက်နက်ကြီး အပစ်မရပ်သေးဘူး။ ရွှေကူတဖက်ကမ်း ဆင်တပ်ကျေးရွာကို ဒီနေ့ပဲ စစ်တပ်က မီးဝင်ရှို့တယ်။ စစ်သင်္ဘော ၂ စီးနဲ့ ကျန်တာကုန်သင်္ဘော”ဟု ရွှေကူမြို့ခံက ယနေ့ ညနေပိုင်းတွင် ပြောသည်။
စစ်သင်္ဘော ၂ စီးနှင့် ကုန်တင်သင်္ဘော ၇ စီးဖြစ်ပြီး ကုန်တင်သင်္ဘောပေါ်တွင် စစ်လက်နက်ရိက္ခာများ တင်ဆောင်လာကြောင်း သိရသည်။
ယခင်က ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများလည်း လက်နက်များရမ်းသမ်းပစ်ခတ်မှုရှိခဲ့သည်။ ထို့အပြင် ရွှေကူမြို့တွင် ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှုလည်း ရှိနေသည်ဟု မြို့ခံက ဆက်ပြောသည်။
“လိုင်းဖြတ်ထားတာ MPT က ၂ ပတ်လောက်ရှိပြီ အခုတော့ MPT ပြန်ရတယ်။ တယ်လီနော (ATOM) ကတော့ ၃၊ ၄ ရက်ပဲ ရှိသေးတယ်။”ဟု ပြောသည်။
စစ်ကောင်စီသင်္ဘောများ ဆိုက်ရောက်လာ၍ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ရွှေကူမြို့ သင်္ဘောဆိပ်နှင့်နီးသည့် ပြည်သူများ ရှောင်ပုန်းနေရပြီး ဈေးဆိုင်များလည်း ပိတ်ထားကြသည်ဟု သိရသည်။