“လမ်းများအားလုံးနေပြည်တော်သို့” ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကြေညာအပြီး အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ အမြန်လမ်း ဆက်သွယ်ထားသမျှ လမ်းပိုင်းတွေကို ဘူဒိုဇာနဲ့ လိုက်လံဖျက်ဆီးနေတယ်လို့ သတင်းရရှိပါတယ်။
အရှည် ၁ မိုင်ကျော်သာရှိပြီး လမ်းဟောင်းနဲ့လမ်းသစ်ကို ဆက်သွယ်ထားတဲ့ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်- မဲချောင်းလမ်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ အသုံးပြုပြီး အမြန်လမ်းကို ထိန်းချုပ်မှာကို စိုးရိမ်တာကြောင့် ဘူဒိုဇာနဲ့ ၁၀ ပေအနက်အထိ ကော်ထုတ်ပြီး စက်တင်ဘာ ၂ ရက်မှာ ဖျက်ဆီးခဲ့ပါတယ်။
“အဲဒီလို လမ်းဟောင်းကနေ လမ်းသစ်ကိုလာတဲ့ လမ်းလေးတွေကို ဘူဒိုဇာနဲ့ ထိုးဖျက်လိုက်တာနဲ့က ကျနော်တို့ရဲ့ ထိုးစစ်ကို အဟန့်အတားဖြစ်မှာ မဟုတ်ပါဘူး၊ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေမှာ အဓိက အားသာချက်တွေက အများကြီးရှိပါတယ်၊ ဒေသခံပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်တာတွေ၊
ကျနော်တို့ PDF ရဲဘော်တွေကိုယ်တိုင်ကကို ဒေသခံတွေဖြစ်နေတဲ့အတွက် သူတို့ ဘယ်လိုပဲ အဲဒီလမ်းတွေကို ဘူဒိုဇာနဲ့ ထိုးဖျက်ပါစေ၊ ကျနော်တို့က လမ်းများအားလုံးနေပြည်တော်သို့ ဆိုတဲ့အတိုင်း နေပြည်တော်ကို ရောက်အောင် ချီတက်ပြီး ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်ပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ဆိုပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းတို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ပြည်သူ့ဘဏ္ဍာငွေနဲ့ ဖောက်လုပ်ထားတာဖြစ်ပြီး သက်ဆိုင်ရာလမ်းပိုင်းအလိုက် အနီးဝန်းကျင်ရှိ မြို့နယ်တွေက ဒေသခံပြည်သူ အမြောက်အမြား အသုံးပြုနေကြတာ ဖြစ်ပါတယ်။
“စစ်ကောင်စီကို ပြောချင်တာက အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့၊ လမ်းတွေ ဘယ်လောက်ဖျက်ဖျက်၊ အချိန်တခုရောက်ရင်တော့ PDF တွေကို အမြန်လမ်းမပေါ်မှာ တွေ့ရမြင်ကြရဦးမှာပါ” လို့ တော်လှန်ရေးရဲဘော်တဦးကလည်း မှတ်ချက်ပြုပါတယ်။
လက်ရှိမှာ နေပြည်တော်နဲ့ မိုင် ၃၀ ခန့်သာ ဝေးတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းကုန်းတွေကိုပါ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေက တိုက်ခိုက်သိမ်းပိုက်နေပြီဖြစ်တာကြောင့် နေပြည်တော်မှာ အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်တဲ့အတွက် စစ်ရေးသတိရှိကြဖို့ အကြမ်းဖက်စစ်ကောင်စီက လိုက်လံစည်းရုံးပြီး လုံခြုံရေးတင်းကြပ်လျက်ရှိတယ်လို့ သိရပါတယ်။