တနင်္သာရီမြို့နယ်အတွင်းက လမ်းသွားလမ်းလာခရီးသည်တွေဆီကနေ တနင်္သာရီမြို့နယ်ပြည့်သူ့ကာကွယ်ရေးအဖွဲ့က ငွေကြေးကောက်ခံတာမရှိဘူးလို့ ဒီနေ့မှာထုတ်ပြန်ပါတယ်။
တနင်္သာရီမြို့နယ်ထဲက ညောင်ပင်ကွင်းရွာနဲ့ သဘော့လိပ်ရွာကြား လမ်းပိုင်းတွေမှာ အခွန်ကောက်ခံတာ အပြင် ခရီးသွားတွေအပေါ် အနိုင်အထက်စီးနင်းပြုလုပ်တာနဲ့ မတရားသဖြင့်ငွေကြေးတောင်းခံခြင်းတွေ လုံးဝမပြုလုပ်ဘူးလို့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်အတွင်းက ဒေသခံတစ်ဦးက “အဲဒီလမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက လမ်းသွားလမ်းလာတွေမှာကောက်နေတာရှိတယ်။ အခုတစ်လအတွင်းမှာပဲ။ အဓိက ပိုက်ဆံတောင်းတာပါ” လို့ ပြောပါတယ်။
အဲဒီလမ်းပိုင်းမှာ ဘယ်အဖွဲ့ကတောင်းခံနေတယ်ဆိုတာကိုတော့မသိရသေးပါဘူး။
တနင်္သာရီ(ပကဖ)ကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်များကို အမှန်တကယ်သိရှိလိုက်နာကျင့်သုံးသည့် အဖွဲ့စည်းတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်တဲ့ ရဲဘော်တွေရှိရင်လည်း တနင်္သာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့မှ ထုတ်ပြန်ထားတဲ့ ကျင့်ဝတ်၊ စည်းကမ်း၊ လမ်းညွှန်ချက်တွေနဲ့အညီ ပြစ်ဒဏ်ချမှတ်တာတွေ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေတယ်လို့ဆိုပါတယ်။