ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃) လယ်ဒိုကျောက်ကြီးမြို့နယ်အတွင်း၊ အကြမ်းဖက်စစ်ကောင်စီ တပ်များရဲ့ လက်နက်ကြီးပစ်ခတ်မှုများနဲ့ ပြည်သူပိုင်လမ်းများပေါ် နင်းမိုင်း ထောင်ထားခဲ့မှုကြောင့် နေအိမ် ၁ လုံးနဲ့ ထော်လာဂျီ ၁ စီးပျက်စီးကာ သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့တယ်လို့ KNU တပ်မဟာ (၃)ဗဟိုသတင်းပြန်ကြားရေးက ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ KNLA တို့အကြား နိုဝင်ဘာ ၅ ရက်၊ ညနေ ၇ နာရီ အချိန်မှာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ၊ ရန်သူစစ်တပ်ရဲ့ ခလရ (၂၆၄) တပ်ရင်းက ကျေးရွာအတွင်းကို ၁၂၀ မမလက်နက်ကြီး ၁၂ လုံးနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲတဲ့ ခင်ကန့်လန့်ကျေးရွာအတွင်း နေအိမ် ၁ လုံးမှာ လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ပြီး၊သက်တော် (၇၀) ရဟန်း ၁ ပါး ပျံလွန်တော်မူခဲ့ပါတယ်။
နိုဝင်ဘာ ၆ ရက်၊မနက် ၈ နာရီမှာ တလခင်ကျေးရွာမှ ဒေသခံ ပြည်သူ ၁ ဦး ထော်လာဂျီဖြင့် လာရောက်စဥ် အကြမ်းဖက် စစ်တပ် က ထောင်ထားတဲ့ မိုင်းနင်း၊နင်းမိပြီး ထော်လာဂျီ ၁ စီးထိခိုက်ပျက် စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။