လာမယ့်တစ်ပတ်အတွင်းမှာ အပူချိန်ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့နိုင်ရတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှ စတင်ပြီး လာမယ့် တပတ်အတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ အပူချိန် ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ကမ္ဘာကြီး ပူနွေးလာတာနဲ့အတူ ပြင်းထန်တဲ့ အပူလှိုင်းဖြတ်တာအပါအဝင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်တွေ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားနေပြီး၂၁ရာစု အစောပိုင်း ကတည်းကပင် ကမ္ဘာကြီးက ၁ ဒီဂရီ ဆဲလ်စီယပ်ခန့် ပိုမိုပူနွေးလာတယ်လို့ သုတေသန လေ့လာမှုများအရ တွေ့ရှိရတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံတွေအများစုနဲ့အာရှနိုင်ငံအများစုက အပူချိန်ပြင်းထန်မှုရဲ့ သက်ရောက်မှုတွေကို သိသိသာသာ ကြုံတွေ့ခံစားနေရပြီး အာရှနိုင်ငံအချို့မှာ အချိန် အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းတာမျိုးနဲ့ ရေကြီးတဲ့ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒီလိုအပူချိန်အလွန်အမင်း မြင့်တက်မှုတွေဟာနောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကိုလည်း ရင်ဆိုင်ကြုံတွေ့ရပြီး အပူချိန် အလွန်အမင်းမြင့်တက်တာကြောင့် အရေပြားနေ လောင်တာ ချွေးအလွန်အကျွံထွက်တာ ကြွက်တက်တာ မောပန်းနွမ်းနယ်နဲ့ မူးဝေအော့အန်တာ အပူလွန်ပြီးသတိလစ်တာတို့အပြင် ပိုမိုပြင်းထန်ပါက အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါ တယ်။
ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းက မြို့အများစုဟာ ကမ္ဘာ့အပူဆုံးမြို့တွေစာရင်းမှာ ပါဝင်ပြီး အပူလွန်ကဲတာကြောင့် အသက်ဆုံးရှုံးရတဲ့ဖြစ်စဉ်တွေမှာ မြို့ကြီးအများစုတွင် ဖြစ်ပွားနေပါတယ်။
မြန်မာနိုင်ငံက လာမယ့်ရက်သတ္တပတ်အတွင်း အပူချိန်များ အနည်းငယ်ပြန်လည်ကျဆင်း နိုင်သော်လည်း အပူချိန် အလွန်အမင်းမြင့်တက်တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အထူးသတိပြု နေထိုင်ကြဖို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။