ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ရပ်ကွက် ၉ ၊ နယ်မြေ ၃ ၊ ဘူတာရုံသံလမ်းအနီးတွင် ယနေ့ နံနက်ပိုင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူတချို့ သေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ နံနက် ၆ နာရီကျော်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက် ၉ သို့ လက်နက်ကြီးများ ကျရောက်ပြီး အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“လက်နက်ကြီးကျည်ကျတာ အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေ ဆုံး ပါတယ်။ ၅ ဦးလောက်တော့ ကားတွေနဲ့တင် သွားတာတွေ့ရတယ်။ လက်နက်ကြီးကတော့ ဘယ်ဘက်က ပစ်လဲတော့မသိရဘူး။ တိုင်းစစ်ဌာနချုပ်ထဲကလည်း တောက်လျှောက် လက်နက်ကြီးနဲ့ထုတယ်။ မြောက်ပိုင်းတပ်တွေဘက်ကလည်း ပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
ယနေ့ နံနက်ပိုင်း လားရှိုးမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုများ နေရာတိုင်းတွင် ကြားနေရပြီး လက်နက်ငယ်သံများလည်း ကြားနေရကြောင်း၊ ထိတွေ့တိုက်ပွဲတချို့ရှိနေကြောင်း ဒေသပြည်သူတချို့က ပြောဆိုကြသည်။
“တိုင်းစစ်ဌာနချုပ်ထဲကတော့ လက်နက်ကြီးတွေနဲ့ နာရီဝက်ခြားလောက် ပစ်နေတာ၊ အရပ်မျက်နှာမျိုးစုံကို ပစ်နေတာ။ လက်နက်ကြီးကျတဲ့နေရာတွေကို ကိုးကန့်က လုပ်တယ်ဆိုပြီး တယ်လီဂရမ်မှာလည်း စစ်တပ်ဘက်က ဖြန့်နေတာလည်း တွေ့တယ်။ မြို့ထဲမှာလည်း သတင်းတွေက ကိုးကန့်တွေ ဆုတ်သွားပြီ၊ လားရှိုးသိမ်းဖို့မပါတော့ဘူးဆိုပြီး ကောလဟာလတွေလည်း တပ်ဘက်က လွှင့်နေတာ။ ကိုးကန့်ဝင်လာပြီး ကိုးကန့်အုပ်ချုပ်ရင် ဗမာတွေအတွက် ဆိုးမယ်၊ ရှမ်းတွေအတွက် ဒုက္ခရောက်မယ်ဆိုပြီး မဟုတ်မမှန်တာတွေလည်း ပြည်သူတွေကြားထဲကို ဖြန့်နေကြတယ်။ ဘယ်လို ဆိုးတာ ဘာညာ သတင်းအမှားတွေလျှောက်လွှင့်နေတယ်။ အခု လားရှိုးကတော့ ပြည်သူတွေတော့ အတော်ပါးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ထားသော ရှမ်းပြည်နယ်မြောက် ပိုင်း၊ လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့တွင် MNDAA က စတင်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။