ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ မန္တလေးလမ်း ဗောဓရုံကျောင်းတိုက် အနီးမှာ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲ တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့၊ မနက် ၁၀ နာရီခွဲကျော်က မန္တလေးလမ်း မီးပွိုင့်မှာ စောင့်နေတဲ့ ယာဉ်ထိန်းရဲ တစ်ဦး မီးနီဖြတ်တဲ့သွားတဲ့ ကားကို ငွေလိုက်တောင်းစဥ် ကားပေါ်က အမျိုးသား တစ်စုက သေနတ်နဲ့ ၅ ချက် ပစ်သွားတယ်လို့ ဆိုပါတယ်။
“လားရှိုးမှာ မီးခဏခဏ ပျက်နေတော့ မီးပွိုင့်က မီးမလာဘူး။ ကားတစ်စီးက မီးပွိုင့် ဖြတ်မောင်းလိုက်တာ ယာဉ်ထိန်းက ဆိုင်ကယ်နဲ့ နောက်က ပြန်လိုက်သွားတော့ ငွေတောင်းတယ်။ ကားထဲကနေ ပစ်ထည့်လိုက်တာ ” လို့ မျက်မြင်တွေ့ရှိသူ လားရှိုးမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ယာဉ်ထိန်းရဲရဲ့ အလောင်းကိုတော့ စစ်တပ်နဲ့ ရဲတွေ လာကောက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
ယာဉ်ထိန်းရဲ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လားရှိုးမြို့ အဝင်အထွက်ကို ပိတ်ဆို့ စစ်ဆေးနေတယ်လို့ နောက်ထပ်မြို့ခံ တစ်ဦးက ပြောပါတယ်။
“မြို့အဝင်အထွက် ၂ ဖက်လုံး ပိတ်လိုက်ပြီ။ ကားကြီးတွေပဲ ဝင်ခွင့်ပေးတာ။ ကားသေးတွေတော့ မဝင်ခိုင်းဘဲ စစ်ဆေးနေတယ်” သူကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်ကလည်း လားရှိုးမြို့ CS Hotel အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် လုံခြုံရေး တင်းကြပ်ထားတဲ့ လားရှိုးမြို့မှာ သတ်ဖြတ်ခံရတဲ့ ပိုင်ရှင်မဲ့ ရုပ်အလောင်း တွေ့ရှိမှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ဟိုတယ်တွေမှာ မကြာခဏ ဗုံးပေါက်လေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။