ရှမ်းမြောက် လားရှိုးမြို့မှ စစ်ကောင်စီတပ်သားတစ်ဦးသည် သေနတ် တစ်လက်၊ ကျည် ၂၀၀ကျော်နှင့်အတူ အလင်းဝင်လာကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
လားရှိုးမြို့တွင်း လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ် လက်အောက်ခံ ခမရ(၅၁၂)မှ တပ်သား ဟိန်းမင်းဦးသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ကြိုက်နှစ်သက်မှုမရှိခြင်း၊ မြောက်ပိုင်းညီနောင်မဟာမိတ်နှင့်အတူ ပြည်သူလူထုဘက်ကရပ်တည်လိုခြင်းတို့ကြောင့် TNLA ထံ ဆက်သွယ်အလင်းဝင်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။
နိုဝင်ဘာ ၈ ရက်ကလည်း လားရှိုးမြို့နယ် ကုန်စုံရွာရှိ စစ်ကောင်စီ ခမရ (၃၆၂)မှ တပ်သားတစ်ဦးသည်လည်း စစ်မတိုက်လို၍ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာခဲ့ဖူးသည်ဟု အသိပေးသည်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ စစ်သားများ၊ ရဲများနှင့် ဌာနအသီးသီးတွင်တာဝန်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်ကြရန်လည်း TNLA က ထပ်မံ ဖိတ်ခေါ်ခဲ့သည်။
TNLAသည် မဟာမိတ်များနှင့်အတူပူးပေါင်းပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင် နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းလုံမြို့များကို အလုံးစုံ သိမ်းပိုက်ထားသည်။