ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း MNDAA ၏ ပြန်ကြားရေး The KoKang မှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် လားရှိုးမြို့ အရှေ့ဘက်ရှိ အဆိုပါ စစ်ကောင်စီတပ်စခန်း ၂ ခု ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်သား သေဆုံးမှု နှင့် လက်နက်သိမ်းဆည်းရရှိမှုကို စိစစ်နေဆဲဖြစ်ကြောင်း၊ MNDAA ဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။
“အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်ကနေ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်အထိ MNDAA လက်အောက် တပ်မဟာ ၆၁၁ (တိုင်းရင်းသား တပ်မဟာ)၊ တပ်ရင်း ၆၀၆ က ၂ နာရီ ကြာအောင် တိုက်ခိုက်ရာမှာ လားရှိုးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်း ၂ခု ကိုတိုက်ခိုက် သိမ်းယူရရှိပါတယ်။ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။ စစ်ကောင်စီစစ်သား ၃ ဦးအရှင်မိပါတယ်” ဟု MNDAA ၏ ပြန်ကြားရေး The KoKang မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ ၈ မိနစ်အချိန် စစ်ကောင်စီ တပ်က ချင်းရွှေဟော်၊ Ma Li Ping(麻栗坪)ကျေးရွာကို တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ့နေအိမ်များ ပျက်စီးကြောင်း သိရှိရသည်။