ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မိုင်းတိမ်ရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကာ ၁ ဦးခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုလ်မှ မယိန်းလျန်ဟန်ကပြော ကြားသည်။
ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက် ၆ နာရီခန့်တွင် လားရှိုးမြို့ရှိ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ မိုင်းတိမ်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများနေ ထိုင်ရာ ဘုန်းကြီးကျောင်းအတွင်းသို့ ၃ လုံးကျရောက်ခဲ့ပြီး ၂ လုံးပေါက်ကွဲကာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၁ ဦး၊ အသက် ၆၀ ကျော်အရွယ် အဖွား ၁ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ တမနက်လုံး တိုက်ပွဲလဲ မဖြစ်ပဲနဲ့ လားရှိုးစစ်တပ်ကနေ လက်နက်ကြီးနဲ့ ရမ်းပစ်နေတာ၊ အဲဒီမှာ စစ်ဘေးရှောင်နေတဲ့ ဘုန်းကြီးကျောင်းကို တိုက်ရိုက်ထိမှန်တာ၊ ၂ လုံးကွဲတယ်၊ မပေါက်ကွဲသေးတဲ့ တစ် လုံးက အခုထိရှိသေးတယ်၊ အသက် ၆၀ ကျော်အရွယ်အဖွားတစ်ဦးနဲ့ အသက် ၁၀ နှစ်အောက် ကလေး တစ်ဦးသေတယ်၊ ဒဏ်ရာရတဲ့တစ်ယောက်က ခြေထောက် တန်းပြတ်သွားတာ၊ ရွာသားတွေလည်း ဘယ်မှ မထွက်ရဲသေးဘူး၊ ပုန်းနေကြရတယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုလ်မှ မယိန်းလျန်ဟန်က ပြော ကြားသည်။
အဆိုပါ မိုင်းတိမ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ ၅၀၀ နီးပါးရှိပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမှာလည်း ရပ်နားခြင်းမရှိသေးသဖြင့် စစ်ဘေးရှောင်ပြည်သူများမှာ ထွက်မရဘဲ ပုန်းအောင်းနေကြရကြောင်း သိရသည်။