ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်င်္ဌာနချုပ် နှင့် ပြည်နယ်ရဲရုံး အနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အပြန်အလှန် ပစ်ခတ်သံများကြား နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန်မှစတင်၍ လားရှိုးမြို့ ရမခ ခေါ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲတွင် အပြန်အလှန်ပစ်ခတ်သံများကြားရကြောင်း၊ ထို့အတူ ရမခ ပြည်နယ်ရဲရုံးအနီးတွင်လည်း ပစ်ခတ်သံများ ဆက်တိုက် ဖြစ်ပ်ါနေကြောင်း သိရှိရသည်။
“လက်နက်ကြီးတွေကလည်း မြို့ပေါ်မှာ တချိန်လုံးပဲ။ မြို့ထဲမှာလည်း အခြေအနေတွေက အရမ်းရှုပ်ထွေးတယ်။ သေနတ်သံတွေက အပြန်အလှန် ပစ်သံတွေ ကြားနေရတာ။ မနေ့ညကထက် အခြေအနေ ပိုဆိုးလာတာ။ အိမ်ထဲမှာ နေပေမယ့် ဘယ်အချိန် ကိုယ့်အိမ်ပေါ်မှာ လက်နက်ကြီးတွေ ကျလာမှာကို စိုးရိမ်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိ လားရှိုးမြို့ပြင်ရှိ စစ်ကောင်စီ၏ အမှတ် ၆၂၆ ထောက်ပို့တပ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး စစ်သားအများအပြား သေဆုံးကာ အသိမ်းခံရသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း၊ ယင်းတပ်အနီးတွင်လည်း ပစ်ခတ်မှုများ ကြားနေရကြောင်း ပြောဆိုသည်။
“မြို့ပြင်ဖက်က အမှတ် ၆၂၆ ထောက်ပို့တပ်ကတော့ အသိမ်းခံလိုက်ရပြီလို့ ကြားတယ်။ စစ်သား ၅၀ ကျော်သေဆုံးပြီးတော့ တချို့ကတော့ထွက်ပြေးသွားတယ်လို့ သိရတယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် အမှတ် ၆၂၆ ထောက်ပို့တပ် နှင့်ပတ်သက်၍ အတည်မပြုနိုင်သေးဘဲ သတင်းများ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။