ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် လားရှိုး လေယာဉ်ခရီးစဉ်များအားလုံး ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်း ဖျက်သိမ်းလိုက်ကြောင်း လေယာဉ်လက်မှတ်အရောင်းအေဂျင်စီတချို့ထံမှ သိရှိရသည်။
ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်မှစတင်ပြီး လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းကြောင့် လေ ယာဉ်ခရီးစဉ်များကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ လားရှိုးမြို့ ပတ်ဝန်းကျင်တွင် လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ တောက်လျှောက်ဆိုသလို ပစ်ခတ်နေပြီး လေဆိပ်နှင့် လေယာဉ်များ၏ လုံခြုံရေး အာမခံ မပေးနိုင်သဖြင့် ခရီးစဉ်များ ဖျက်သိမ်းခြင်းဖြစ်သည်ဟု သိရှိရကြောင်း ခရီးသွားအေဂျင်စီတချို့က ဆိုကြသည်။
ခရီးသွားအေဂျင်စီ တစ်ခုဖြစ်သော Fly With Dream – ပြည်တွင်းပြည်ပလေယာဉ်လက်မှတ် အရောင်းဌာန၏ ကြေညာချက်တွင် လားရှိုးမြို့လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ Myanmar Airways International၊ Mingalar Airline က ပျံသန်းပြေးဆွဲလျက်ရှိသော လားရှိုးခရီးစဥ်များကို ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် ဖျက်သိမ်းလိုက်ကြောင်း တရားဝင် ကြေညာထားသည်။
“လောလောဆယ်တော့ ဒီနေ့ တစ်ရက်တည်းသာ ကြေညာထားသေးတယ်။ လတ်တလော အခြေ အနေ ပေါ်မူတည်ပြီးတော့ သူတို့အနေနဲ့က ပြန်ပြီးတော့ အကြောင်းကြားပေးတာပဲဖြစ်ဖြစ်၊ အီးလ် မေး ပို့တာပဲဖြစ်ဖြစ် Air Line Ticket Agent တွေကို ပြန်ပြောပေးလေ့ရှိတယ်။ လောလော ဆယ် ကတော့ ဒီနေ့တစ်ရက်တည်း ပိတ်ထားသေးတာပါ။ တခြားလေကြောင်းလိုင်းတွေက တော့ ပိတ်တာ မပြောသေးဘူးရှင့်၊ ဒါပေမယ့် သူတို့က အရေးပေါ် အခြေအနေဆိုတဲ့အခါကျတော့ မနက်ပိုင်းတွေ လည်းရှိတဲ့အတွက်လေဆိပ်မှာတော့ ပိုပြီးတော့ error တက်မှာပေါ့၊ ခရီးသည်တွေနဲ့က၊ လားရှိုးကို ပြေးဆွဲတာက Airline အားလုံးက ၄ လိုင်းလောက်ရှိတယ်။ ဒါပေမယ့် လောလော ဆယ်မှာ က အ များဆုံး အနေနဲ့ တာဝန်ယူ၊ တာဝန်ခံပြီးတော့ ကြေညာလေ့ရှိတာက Air KBZ ၊ MNA Airline ကနေ ပြီးတော့ အမြဲတမ်းထုတ်ပြန်ပြီးတော့ ကြေညာလေ့ရှိတယ်။ အခြားသော Air သံလွင်၊ နန်းရတနာပုံ တို့ကတော့ များသော အားဖြင့် တိုက်ရိုက် မကြေညာတာများတယ်” ဟု Fly With Dream – ပြည် တွင်းပြည်ပလေယာဉ်လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မန္တလေး-လားရှိုး-မူဆယ် လမ်း ပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်နေပြီး လားရှိုး မြို့ အဝင်အထွက်၊ သိန္နီ အဝင်အထွက်များမှာ လုံခြုံရေး စိတ်မချရသည့် အနေအထား ဖြစ်နေကြောင်း၊ ထို့ကြောင့် သွားလာရန် ခက်ခဲနေကြောင်း၊ နမ့်ပေါင်-မိုင်းရယ် ကားလမ်း၊ လားရှိုး-တန့်ယမ်းကားလမ်းများမှာလည်း လုံခြုံရေး စိတ်ချရသည့်အနေအထားမရှိ၍ သွားလာရန် မဖြစ်နိုင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။