ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ မနေ့ညပိုင်းက စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည် လူနေအိမ် တွေပေါ် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ချို့ ထိခိုက် သေဆုံးသွားတယ်လို့ လားရှိုးမြို့ခံ တစ်ဦးက ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
မနေ့ ည ၁၁ နာရီ ၀န်းကျင်က လားရှိုးမြို့ပြင်ကို စစ်ကောင်စီက အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်ရာမှာ ဒုံးတစ်ချို့ ကုန်းညောင်ရွာနဲ့ မန်ကောင်းကျေးရွာတွေက လူနေအိမ်တွေပေါ် ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“မနေ့က ည ၁၁ ကျော် ပစ်တဲ့ဟာ။ ရွာအိမ်တွေ တော်တော်ထိတယ်။ လူတွေကောပဲ။ လူသေတာတွေလည်း ရှိတယ်” လို့ ဒေသခံက ရှင်းပြပါတယ်။
လက်နက်ကြီးထိလို့ ထိခိုက် သေဆုံးသူတွေကို စစ်ကောင်စီက ကားတွေနဲ့ ချက်ချင်း လာရောက် သယ်ဆောင် သွားတာကြောင့် ဒေသခံ ဘယ်လောက် ထိခိုက် သေဆုံးလဲ ဆိုတာကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်မှု မရှိပေမဲ့ စစ်ကောင်စီတပ်တွေ မြို့တွင်းမှာ လှုပ်ရှားနေသလို လားရှိုးမြို့ပြင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် မြို့ခံတွေကတော့ အခြေအနေ စောင့်ကြည့်ရင်း အရေးပေါ် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။