ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီ အရာခံဗိုလ်/ စာရေး တစ်ဦးကို ဇန်နဝါရီ ၂၂ ရက်နေ့ ည ၈ နာရီခန့်၌ သူ့ရဲဘော်က ပစ်သတ်တာ ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ လာရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ မှတ်တမ်းဌာနစုမှ အသက် ၅၂ နှစ်အရွယ် အရာခံဗိုလ်/စာရေး မင်းမင်းစိုးဖြစ်တယ်လို့ သိရပါတယ်။
“တနေ့ညက လားရှိုး တောင်ပေါ်ဘုရားမှာ ပစ်သတ်ခံရတာ။ သူ့ ရဲဘော်က ပစ်တယ်ကြားတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
“တောင်ပေါ်ဘုရားမှာက တမြို့လုံး မြင်ရတော့ ကင်းချထားတာ နှစ် ဆယ်ချီရှိနေပြီလေ။ ဖုန်းတာဝါတိုင်လည်း ရှိတော့” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ပစ်သတ်ခံခဲ့ရတဲ့ အရာခံဗိုလ်/စာရေး မင်းမင်းစိုး ကို ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲမှာ လားရှိုးမြို့၊ အမှတ် (၉) ခုတင်-၁၀၀ တပ်မတော်ဆေးရုံ မှ ကြာကန် သုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်မည် ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်ဖွဲ့တွေ အများအပြား လက်နက်ချ လာတဲ့အပြင် အများအပြားသေဆုံးတာတွေလည်း ရှိပါတယ်။