“မုဒိမ်းကောင်တွေနဲ့ ဖိုဝါဒ၊ ဖုတ်သင်္ဂြိုဟ်ပြာချ အဆုံးသတ်ကြ”ဆိုတဲ့ ဘန်နာ ဆွဲကိုင်ကာ
နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုတစ်ခုကို လောင်းလုံးမြို့နယ်အတွင်းမှာ ဒီကနေ့ နေ့လယ်က ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ လှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ရဲ့ အဖွဲ့ဝင်အင်အားစုတစ်ခုဖြစ်တဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)က ဦးဆောင်ခဲ့တာပါ။
အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်သူ မုဒိမ်းကောင်တွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်နိုင်ရေးနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ကျားမ တန်းတူအရေး၊ လွတ်လပ်လုံခြုံတဲ့ လူ့ဘောင်တည်ဆောက်ရေးတို့အတွက် မဟာဖိုဝါဒကို ဖုတ်သင်္ဂြိုဟ်ပြာချ အဆုံးသတ်ရေးအတွက် တိုက်ပွဲဝင်သွားကြဖို့ တပ်လှန့်လှုံ့ဆော်တဲ့ အနေနဲ့ အဆိုပါ လှုပ်ရှားမှုကို ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။
ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်လူတစ်စုက အမျိုးသမီးတွေအပေါ် ဖက်ဆစ်ဆန်စွာ လိင်ပိုင်းဆိုင်အကြမ်းဖက်မှုတွေအပါအဝင် ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့သလို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေထဲက တချို့ပုဂ္ဂိုလ်တွေကလည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် တွံ့တေးမြို့နယ် အလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးကလည်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကျေးရွာတစ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကပဖ)အဖွဲ့ဝင် ၄ ဦးက ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သိရှိရကြောင်း ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။
ဒါကြောင့် လိင်အကြမ်းဖက်သူ မုဒိမ်းကောင်တွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုမျိုး လုပ်ဆောင်ပေးဖို့ NUG အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေကို နှင်းဆီရောင်အမျိုးသမီးထုက အလေးအနက်တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ မဟာဖိုဝါဒ(အမျိုးသားကြီးစိုးရေး လူမှုစနစ်)အဆုံးသတ်ရေးအတွက်လည်း ရှေ့ဆက်တိုက်ပွဲဝင်သွားမယ်လို့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ_ထားဝယ်
နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ_ထားဝယ်ခရိုင်တို့က ထုတ်ပြန်စာမှာ အသိပေးထားပါတယ်။