ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်နယ်မြေ လိုင်ဇာအနီးဒေသများ၌ KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယနေ့နံနက်တွင် စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်လာသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံတို့က ပြောသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့(ဩဂုတ် ၃၀ရက်)က မလန့်ယန်၊ ဒဘတ်ယန် ဒေသများ၌ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့(ဩဂုတ် ၃၁ရက်)တွင်လည်း နံနက် ၄နာရီမှ တိုက်ပွဲစတင်ခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နယ် မလန့်ယန်ဒေသကို နံနက် ၉နာရီ ၅၃ မိနစ်တွင် တစ်ကြိမ်၊ ၁၁နာရီ ၁၃ မိနစ်တွင်တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“မနေ့ကတိုက်ပွဲ စကစ တပ်ရင်းမှူး ဒဏ်ရာရသွားတယ် ကြားတယ်။ ငါတို့ဘက်ကတော့မရှိဘူး”ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကချင်ဒေသခံတစ်ဦးကလည်း “ဒဘတ်ယန်ရွာ ဆမားလမ်းခွဲ စကစ လေယောဉ်နဲ့ ဗုံးကြဲတာ။ ထိခိုက်မှု မရှိဘူး။ဒီနေ့ ၁၁နာရီခွဲလောက်မှာ”ဟု ပြောသည်။
လိုင်ဇာအနီး နမ်ဆန်ယန်ဒေသကို စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ ဇူလိုင်လဆန်းမှစ၍ နမ့်ဆန်ယန်နှင့် ဆက်စပ်နယ်မြေများ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ၂လ နီးပါးကြပြီဖြစ်သည်။
“မနေ့ကလည်း တိုက်ပွဲပြင်းထန်တယ်။ မနားဘူး။ ရိက္ခာထောက်ပို့တောင်မှ အခု လေယာဉ်နဲ့လုပ်နေကြလာပြီ။ ဒီဘက်အခြမ်းကျတော့ဒဘတ်ယန်နဲ့ ဆမားလမ်းခွဲကနေ မကျော်နိုင်ဘူးလေ။ အဲဒီ ကြားမှာဘယ်လိုမှ ကျော်လို့မရဘူး။အဲဒါကြောင့် ဒီနေ့ ဂျက်လေယာဉ်တွေသုံးလာတာပါ”ဟု ကချင်ဒေသခံက ပြောသည်။
ယမန်နေ့တွင် KIA သတင်းပြန်ကြားရေးဌာနက တိုက်ပွဲသတင်းများ ဖော်ပြခဲ့ရာ KIA တပ်မဟာ(၃)၊ တပ်မဟာ(၉)နှင့် တပ်မဟာ(၆)နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။