ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာအနီးနောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဘွမ်ရယ်တောင် စခန်းကို ယနေ့ (မတ်လ ၁၅ရက်) နေ့လယ် ၁နာရီခွဲခန့်တွင် ဝင်ရောက်ရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
” အခုလည်း နယ်မြေရှင်းလင်းရေးပဲ လုပ်နေပါတယ်။ စကစဘက်ကလည်း လေကြောင်းနဲ့ ဆက်တိုက် အခုလည်း ပစ်နေပါတယ် ။ ဗုံးကြဲနေပါတယ်။ ဒါကြောင့် သတင်းစုံ ရရှိဖို့ကတော့ နည်းနည်း အချိန်ယူရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဘွမ်ရယ်တောင်တပ်စခန်းကို ပြီးခဲ့သည့် ရက်ပိုင်းတွင် KIA တပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ ဆက်တိုက်ပေးနေသည့် ကြားမှ ယနေ့ နေ့လယ် ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“အခု တိုက်ပွဲဖြစ်နေတဲ့ လိုင်ဇာဝန်းကျင်က နောက်ဆုံးကျန်ရှိတဲ့ အဓိက ကျတဲ့ ဘွမ်ရယ်ဘွမ်တောင်တော့ ဒီနေ့ ၂နာရီထိုးခါနီးမှာ သိမ်းလိုက်ပြီ။ တပ်မမှူးထိုင်တဲ့ စခန်းကုန်းကို သိမ်းလိုက်ပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
KIAသည် လိုင်ဇာအနီး စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်သည့် စစ်ဆင်ရေးကို မတ်လ ၇ရက် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဘွမ်ရယ်တောင်စခန်းကို အပြီးသတ်သိမ်းနိုင်ပြီဆိုပါက လိုင်ဇာအနီးစစ်ကောင်စီတပ်စခန်းများ ကင်းစင်သွားမည်ဖြစ်သည်။
KIA၏ မတ်လ ၇ရက်မှ စတင်သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၂၀ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းပိုက်နိုင်ကာ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအလိုက် လက်နက်ချ အလင်းဝင်ခြင်းများလည်းရှိခဲ့သည်။