ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ်ဖွဲ့များ၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအတွက် လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း ၂၁၀၀ လှူဒါန်းလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ CRPHနှင့် တော်လှန်ရေးသတင်းများအဓိကဖော်ပြပေးနေသော PVTV က ဇူလိုင် ၁၄ ရက်ညပိုင်းတွင်ဖော်ပြသည်။
အဆိုပါလုပ်ငန်းရှင်အနေဖြင့်အမည်မဖော်ဘဲ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး The Suppressor of the Evils (ဒုစရိုက်များကို နှိပ်နင်းသူ)အမည်ဝှက်အဖြစ် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် PDFနှင့် ပူးပေါင်းတပ်ဖွဲ့များကို လှူဒါန်းလာခြင်းလည်းဖြစ်သည်ဟုလည်းသိရသည်။
လှူဒါန်းငွေကို မည်သည့် နေ့ရက်တွင် လှူဒါန်းသည်၊ မည်သည့်တပ်ရင်းတပ်ဖွဲ့၊ မည်သည့် ဒေသ မည်သည့် စစ်ဆင်ရေး၌ အသုံးပြုမည်ဆိုသည်ကိုဖော်ပြမထားသော်လည်း လတ်တလောတွင် စစ်ရေးအရှိန်မြှင့်တင်ရန် ကြေညာထားသည့် နေရာဒေသများကို PVTVက ဖော်ပြသည်။
အလားတူ PDF များ၏ ဆော်လမွန်စစ်ဆင်ရေး အတွက် “ရိုးမခေါ်သံ” ကမ်ပိန်းအလှူရှင်တစ်ဦးက အမေရီကန်ဒေါ်လာ သုံးသောင်း ၊ကျပ်သိန်း ၉၀၀ ကျော် လှူဒါန်းခဲ့ကြောင်း ဒါရိုက်တာ ကိုပေါက်ကဇူလိုင် ၁၃ ရက်တွင် အသိပေးသည်။
ထိုအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)၏ရန်ပုံငွေအတွက် ပြည်တော်ဝင် ကန်ပိန်းတွင် ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် ရေးဆွဲပေးခဲ့သော “ပြည်တော်ဝင်”ပန်းချီကားကို ရွှေဗောဓိ အမည်ရှိအလှူရှင်တစ်ဦးက ဒေါ်လာ ၁၂၃၄၅ ဒေါ်လာ ( ကျပ်သိန်း ၄၀၀ ခန့်)ဖြင့် လေလံဆွဲ၍ လှူဒါန်းခဲ့သည်။
NUG ၏ ငွေတိုက်စာချုပ် နှင့် အိမ်ယာများရောင်းချမှုတွင်လည်းလုပ်ငန်းရှင်အချို့က ဒေါ်လာသိန်းနှင့်ချီလှူဒါန်မှုအချို့ရှိခဲ့ကြောင်း ငွေတိုက်စာချုပ်နှင့် EOD အိမ်ယာများကူညီရောင်းချပေးသူအချို့ကပြောသည်။