လုပ်ငန်းရှင်များကို ဖမ်းဆီးနေသော်လည်း စက်သုံးဆီမှာ ယခုရက်ပိုင်းအတွင်းဆက်တိုက်ဈေးတက်နေကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
စစ်ကောင်စီက ဒေါ်လာဈေး နှင့် ကုန်ဈေးနှုန်းမတက်စေရန်ဆိုကာ ငွေလဲလုပ်ငန်းရှင်များ၊စက်သုံးဆီလုပ်ငန်းရှင်များအပါအဝင် လုပ်ငန်းရှင်များကို ဖမ်းဆီးထားသော်လည်း စက်သုံးဆီဈေးမှာ ဆက်တိုက်မြင့်တက်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။
“နေ့တိုင်း ဆီဈေးက အတက်ဈေးပဲရှိပါတယ်၊ စစ်ကောင်စီက ဒေါ်လာကို ကျအောင် လုပ်ငန်းရှင်တွေကိုဖမ်းဆီးပြီး ဖိနှိပ်ထားနိုင်ပေ့မယ် စက်သုံးဆီဈေးမှာတော့ လိမ်လို့ညာလို့မရတော့ဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ယနေ့(စက်တင်ဘာ ၁၆ရက်)တွင် စစ်ကောင်စီက ထုတ်ပြန်သည့် ရည်ညွန်းဈေးသည် စက်သုံးဆီဈေးမှာ ၉၂ အောက်တိန်းတစ်လီတာလျှင် ၂၄၄၀ ကျပ်၊ ၉၅ အောက်တိန်းတစ်လီတာလျှင် ၂၅၆၅ ကျပ် ၊ဒီဇယ် တစ်လီတာလျှင် ၂၆၅၀ကျပ် နှင့် ပရီမီယံတစ်လီတာကို ၂၇၂၅ ကျပ်အထိ ပေါက်ဈေးရှိသည်။
စက်တင်ဘာ ၁ရက်က ၉၂အောက်တိန်းတစ်လီတာကို ၂၂၆၀ ကျပ်၊ ၉၅ အောက်တိန်းတစ်လီတာကို ၂၃၇၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၄၁၅ကျပ်နှင့်ပရီမီယံတစ်လီတာ၂၄၉၀ကျပ်ပေါက်ဈေးရှိခဲ့သည်။
ထိုဈေးနှုန်းသည် ၁၅ ရက်အတွင်း စက်သုံးဆီဈေးမှာတစ်လီတာလျှင် အနည်းဆုံး ၁၈၀ ကျပ် မှ ၂၃၅ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။
“စက်သုံးဆီဈေးက ဆက်တက်နိုင်ပါတယ်။ အခုတောင် ၂၆၀၀ ကျပ်ကို ကျော်နေပါပြီ။”ဟု စက်သုံးဆီဆိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် လုပ်ငန်းရှင်များကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ဒေါ်လာဈေးနှင့်ရွှေဈေးမှာ အနည်းငယ်ကျဆင်းခဲ့သော်လည်း ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်ဟု ဈေးကွက်အတွင်းမှာ သိရသည်။
စစ်ကောင်စီ စက်သုံးဆီလုပ်ငန်းရှင်အချို့ ကိုဖမ်းဆီးထားခြင်းကြောင်း သတင်းထွက်ပေါ်နေပြီး လုပ်ငန်းရှင်အများစုမှ စစ်ကောင်စီဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရသည်ဟု လုပ်ငန်းရှင်များကပြောသည်။ သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းတွင် စားအုန်ဆီလုပ်ငန်းရှင် ၊ ဒေါ်လာနှင့် ရွှေလုပ်ငန်းရှင်များ ၊ဆန်နှင့် ပြောင်းတင်ပို့သူများ အပါအဝင် လုပ်ငန်းရှင် ရာနှင့်ချီ၍ စစ်အုပ်စုက ကုန်ဈေးနှုန်းတက်သည်ကိုဆိုကာ ဖမ်းဆီးထားသည်။