နွေဦးတော်လှန်ရေးနဲ့ စပ်လျဉ်းပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို အရှေ့တီမောနိုင်ငံနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ- NUGက တာဝန်ရှိသူတွေနဲ့ အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos-Horta တို့ဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုလသမဂ္ဂညီလာခံ ပြင်ပမှာ ဒီကနေ့ တွေ့ဆုံခဲ့ကြတာပါ။
တွေ့ဆုံသူတွေထဲမှာ NUG ဘက်က နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်း၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ပါဝင်တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
NUG အစိုးရကို အာရှနိုင်ငံတွေထဲမှာ ပထမဆုံး အသိအမှတ်ပြုတဲ့ အရှေ့တီမောနိုင်ငံရဲ့ သမ္မတကတော့ ကျင်းပနေတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဆိုရာမှာလည်း မြန်မာ့အရေးနဲ့ မြန်မာပြည်သူတွေအတွက် ထိရောက်တဲ့အကူအညီတွေ အမြန်ဆုံး ရရှိဖို့ နိုင်ငံတကာကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီကတော့ NUG ကို ထောက်ခံတဲ့ အရှေ့တီမောနိုင်ငံကို ပြီးခဲ့တဲ့ လကပဲ သံတမန်ဆက်ဆံရေး အဆက်ဖြတ်ခဲ့ပါတယ်။ ရန်ကုန်မြို့အခြေစိုက်၊ အရှေ့တီမောသံရုံးက ယာယီတာဝန်ခံအကြီးအကဲကိုလည်း အရင်လ ၂၅ ရက်နေ့ကပဲ စာထုတ်ပြီး နှင်ထုတ်ထားပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဗျူရို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrink နဲ့လည်း ပြီးခဲ့တဲ့ နှစ်ရက်က တွေ့ဆုံခဲ့ပြီး စစ်ကောင်စီကို စီးပွားရေး၊ နိင်ငံရေး၊ သံတမန်ရေးအရ ဖိအားပေးနိုင်မယ့် ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဒေါ်ဇင်မာအောင်က RFAကို ပြောထားပါတယ်။