လူမှုကွန်ရက်ပေါ် PDFကို ထောက်ခံအားပေးနေသော မိုးကုတ်မြို့ခံအချို့အား စစ်ကောင်စီတပ်က အမည်နှင့်တကွ ရှာဖွေ ဖမ်းဆီးနေကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ၂၂ရက်)နှင့် စက်တင်ဘာ၂၁ရက်နေ့တို့တွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး စက် တင်ဘာ၂၁ရက်နေ့၌ မိုးကုတ်မြို့၊ပန်းမအောက်ရပ်ကွက်နေအမျိုးသားတစ်ဦးအိမ်သို့ စစ်တပ်က သွား ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ၎င်း၏ဇနီးအား ဖမ်းဆီးသွားကြောင်း မိုးကုတ်မြို့ခံအချို့ထံက သိရသည်။
“နာမည်နဲ့ကို စစ်သားတွေကလာရှာတာ၊သူ့ယောကျာ်းကမရှိတော့ မိန်းမကိုဖမ်းသွားတယ်။မရိုက်ပါနဲ့လို့ပြောတာကို ရိုက်ပြီးကိုခေါ်သွားတယ်။ဒီနေ့ မိသားစုတွေထမင်းသွားပို့တာကိုပေးကိုမတွေ့ဘူး”ဟုယင်းရပ်ကွက်အနီးနေ ပြည်သူ တစ်ဦးက ပြောသည်။
အဆိုပါအမျိုးသမီးကို မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်း၌ ဖမ်းဆီးထားကြောင်း သိရသည်။
မိုးကုတ်မြို့ ဖေ့စ်ဘွတ်ခ်Group တွင် PDF အားပေးသည့် စာ ရေးတင်ထားသည့် အကောင့်ပိုင်ရှင်များအား ဖမ်းဆီးရန် စစ်ကောင်စီလော်ဘီတယ်လီဂရမ်တို့က လှုံ့ဆော်ပြီးနောက် စစ်တပ်က လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
” တိုက်ပွဲမှာ သူတို့ဘက်က အထိနာထားတော့သူတို့က ပြည်သူကိုဒုက္ခပေးတော့တာလေ။သူတို့ဘက်က သတင်းပေးတွေရှိနေတော့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှာ အခုလိုတွေမတင်စေချင်ဘူး၊သူတို့လိုက်ရလွယ်တယ်၊ဖမ်းရလွယ်တယ်လေ”ဟု မိုးကုတ်မြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေသော်လည်း ယနေ့အထိ တစ်ဦးထက်ပို၍ ဖမ်းဆီးခံရသည်ဟု မကြားမိသေးကြောင်း မိုးကုတ်မြို့ခံအချို့က ဆိုသည်။
မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့က မိုးလုံးမှိုင်း စစ်ဆင်ရေးအဖြစ် စက်တင်ဘာ ၁၀ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိကြောင်း မိုးကုတ်အခြေပြုPDFတပ်ရင်းများက ထုတ်ပြန်ထားသည်။