အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလအတွင်း လူသားချင်းစာနာမှုအကူအညီအဖြစ်နဲ့ အမှန်တကယ်အကူအညီ လိုအပ်နေသူများထံကို ငွေကျပ် (၄၈၆ဒသမ၇) သန်းကို ထောက်ပံ့ ပေးပို့နိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုလိုပံပိုးနိုင်တာဟာ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူ အလှူငွေနဲ့အသုံးပြုခဲ့တာကို အစိုးရနဲ့ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ဖို့အတွက် တင်ပြတာဖြစ်ပါတယ်။
ပြည်သူမှပြည်သူ အလှူငွေဖြစ်တဲ့ ငွေကျပ် (၄၈၆ဒသမ၇)ကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ၊ စစ်ဘေးရှောင်ပြည်သူ (၁၇၁,၃၀၂)ဦးရဲ့အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၃၄၅ဒသမ၂) သန်း၊ ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူ (၂၃၈) ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၃၃၅) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၃ဒသမ၉) သန်းကို ပံပိုးနိုင်ခဲ့တာပါ။
ဒါ့အပြင် CDM ဝန်ထမ်းတွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၇ဒသမ၄) သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၀ဒသမ၄) သန်းနဲ့ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် ငွေကျပ် (၃ဒသမ၂) သန်းကို ပံပိုးနိုင်ခဲ့ပါတယ်။
အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၈၆ဒဿမ၆) သန်း၊ မီးရှို့ခံရတဲ့ နေအိမ်တွေထဲက လုံခြုံစိတ်ချရတဲ့နေရာမှာ ဆောက်လုပ်နိုင်တဲ့ နေအိမ် (၁၃၂) လုံးကို ယာယီတဲ ဆောက်လုပ်ပေးတာနဲ့ မိုးတွင်းကာလ အမိုးအကာလိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် တာပေါ်လင် မိုးကာစ (၄၁၉)ခုတို့ကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
တော်လှန်ရေးကာလ (၃) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားက ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်း စီတိုင်းရဲ့ လုပ်ဆောင်ချက်တွေ၊ ထားရှိတဲ့စိတ်ဓါတ်တွေကို လေးစားဂုဏ်ယူပြီးရှေ့ဆက်လည်း အခုလို မလျော့သောဇွဲနဲ့ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားမယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။