၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီဖြစ်စဉ် ပြန်လည်တည့်မတ်လာဖို့ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ (SAC-M) က လက်ရှိ စစ်ကောင်စီဟာ နိုင်ငံလူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းနေထိုင်တဲ့ နိုင်ငံနယ်မြေ ၈၆ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်မှု မရှိတော့ဘူးလို့ ထုတ်ပြန်သွားပါတယ်။
SAC-M ကို ကုလသမဂ္ဂအရာရှိ ၃ ဦးဖြစ်တဲ့ ယန်ဟီးလီ၊ မာဇူးကီဒါရက်စ်မန်းနဲ့ ခရစ္စဆီဒိုတီတို့က ဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက် မြန်မာ့ပြည်တွင်းအခြေအနေ လေ့လာမှုစာတမ်းတွေ ဆက်တိုက်ထုတ်ပြန်လို့ စစ်ကောင်စီကို ဖြတ်သုံးဖြတ်စနစ်ဖြစ်တဲ့ လက်နက်၊ ငွေကြေးဖြတ်တောက်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ နိုင်ငံတကာက လုပ်နိုင်အောင် တင်ပြနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပြည်တွင်း တော်လှန်ရေးအဖွဲ့တွေ နယ်မြေစိုးမိုးမှုတိုက်ပွဲတွေမှာ ဆက်တိုက်အောင်နိုင်ခဲ့လို့ နိုင်ငံလူဦးရေ ၆၇ ရာခိုင်နှုန်း နေထိုင်တဲ့ နိုင်ငံနယ်နိမိတ် ၈၆ ရာခိုင်နှုန်းကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်တော့ဘူးလို့ ဖော်ပြသွားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ဘူးလို့ ရေးသားဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီဟာ လက်ရှိ နေပြည်တော်၊ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာပဲ ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ ကချင်နဲ့ ကရင်ပြည်နယ် နယ်စပ်ဒေသတွေကို ထိန်းချုပ်မှု စွန့်လွတ်ထားရပြီ ဖြစ်ပါတယ်။
မြန်မာ့အရေး အထူးလေ့လာတင်ပြနေတဲ့ Crisis Group ကလည်း မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံအစိုးရတွေဟာ နယ်စပ်ဒေသတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီကိုသာ အစိုးရအဖြစ်ဆက်လက် အသိအမှတ်ပြုပြီး ကုန်စည်စီးဆင်းမှုတွေချောမွေ့အောင် လုပ်ဖို့မဖြစ်နိုင်တော့လို့ အတိုက်အခံ NUG အပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေနဲ့ ဆွေးနွေးညှိုနှိုင်းပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုလည်း ဒီအဖွဲ့တွေဆီကနေ ပေးပို့ကူညီသင့်ကြောင်း ထုတ်ပြန်သွားပါတယ်။