အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း က မတ် ၈ ရက်မှာ ကုလသမဂ္ဂ Palais de nations အတွင်း နိုင်ငံတကာ သံတမန်များနဲ့ သံအရာရှိ များအား မြန်မာ့နိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ တင်ပြချက်နဲ့ နိုင်ငံတကာကို တောင်းဆိုချက်များ နဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ရှင်းလင်းပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှု အခြေအနေများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဒီမိုကရေစီအင်အားစုများရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ နယ်မြေ စိုးမိုးရရှိထားမှုအခြေအနေများ၊ အရပ်သားအုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား လက်နက်၊ငွေကြေးထောက်ပံ့မှုများအား ပူးပေါင်းပစ်မှတ်ထားပိတ်ဆို့အရေးယူရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့ အစည်းတို့အား ဘဏ္ဍာရေးနဲ့ နည်းပညာအကူအညီ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုက်ရိုက်ပေးအပ်ရန်၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တောင်းဆိုချက်များကို လိုက်နာလာအောင် ဆက်လက်ကြိုးပမ်းလုပ်ဆောင်ရန်၊ အကြမ်းဖက် စစ်ကောင်စီက တရားဝင်မှုရရှိစေရန်ကြိုးပမ်းနေမှုများအားလုံးကို လက်မခံရန်၊ ကုလသမဂ္ဂ အနေဖြင့် မြန်မာ့အရေးကို ယခုထက်ပိုမိုပြီး လုပ်ဆောင်ရန် ဝိုင်းဝန်ဖိအားပေးရန်စတဲ့ အချက်များ ကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေများနဲ့ စပ်လျဉ်းပြီး တာဝန်ခံမှု၊ တာဝန်ယူမှုများဖော်ဆောင်နိုင်မယ့် နည်းလမ်းသစ်များကို ရှာဖွေကြံဆ လုပ်ဆောင်ရန်၊ အထွေထွေအတွင်းရေးမှူးအနေဖြင့် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသော ကုလသမဂ္ဂအေဂျင်စီများရဲ့ လုပ်ဆောင်နေမှုအစီရင်ခံစာတခုကို ပြင်ဆင်ရေးသားနိုင်ရေးတို့ကို လည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
သံတမန်ရှင်းလင်းပွဲကို ပြည်ထောင်စုဝန်ကြီးနဲ့အတူ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် နန်းစုမွန်အောင်နဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦး ဂျာဘေတ် အာလောမ် တို့ ပါဝင်တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါသံတမန်ရှင်းလင်းပွဲကို Luxembourg နိုင်ငံသံရုံးနဲ့ International IDEA တို့ ပူးပေါင်းကျင်းပခဲ့တာလည်းဖြစ်ပါတယ်။