တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗထူးတပ်မတော်က ဖမ်းဆီးထားတဲ့ ထားဝယ် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ဌာနမှူး တွေကို ပြန်လွှတ်ပေးဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က တောင်းဆိုလိုက်ပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ သာမန် Non- CDMဝန်ထမ်းတွေသာဖြစ်ပြီး CDMဝန်ထမ်းတွေ၊ကျောင်းသားတွေနဲ့ ပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်တာ ၊ ခြိမ်းခြောက်တာတွေမရှိဘူးလို့ DDMSCက ဆိုပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)က အတင်းအဓမ္မဖိအားပေး ပါဝင်ခိုင်းလို့မရဘဲ မိမိသဘောဆန္ဒအရသာလုပ်ဆောင်ရတာဖြစ်လို့ Non- CDMဝန်ထမ်းအနေနဲ့ သူ့ဟာသူ ဆက်လက်ရပ်တည်နေတာဟာ နိုင်ငံသားတဦးအနေနဲ့ ရွေးချယ်ခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တယ်လို့ သပိတ်ကော်မတီကဆိုပါတယ်။
ဗထူးတပ်မတော်အနေနဲ့ အဆိုပါ Non- CDMဝန်ထမ်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ဌာနမှူး တွေကို ဖမ်းဆီးလိုက်တာဟာ စစ်ကောင်စီလက်အောက်ခံ ပညာရေးယန္တရားကို ဆက်လက်အကောင်ထည်ဖော်ဆောင်နေလို့ ဖမ်းဆီလိုက်တာလို့ DDMSCက ယူဆပြီး ဒီဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူ Non -CDMဝန်ထမ်း ၃ဦးက လူ့အခွင့်အရေးချိုးဖောက်တာ၊ အကြမ်းဖက်တာနဲ့ ရာဇဝတ်ပြစ်မှုကျူးလွန်ထားတာမရှိဘူးဆိုရင် ဗထူးတပ်မတော်အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ လေးစားလိုက်နာရမယ့် နိုင်ငံတကာလူသားချင်းစာနာမှု စံနှုန်းတန်ဘိုးတွေအရ ပြန်လွှတ်ပေးဖို့ကို DDMSCက တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗထူးတပ်မတော်က ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒု-ပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ အင်္ဂလိပ်စာဌာန ဌာနမှူး ဒေါ်စုစုလတ်နဲ့ မြိုပြအင်ဂျင်နီယာဌာန ဌာနမှူး ဒေါက်တာနန္ဒာလွင်တို့ (၃)ဦးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။