စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှာ ၂၀၂၁ ဇူလိုင်(၂)ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ် အကြောင်း ဒေသခံ လူငယ်တွေက အရပ်ဇာတ်အဖြစ် တင်ဆက်ထားပါတယ်။
“ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာ Generation Z များရဲ့ တူမီးတိုက်ပွဲ ဖြစ်ရပ်မှန် တင်ဆက်ထားမှု” ဆိုပြီး ဒီပဲယင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ကောင်းကင် အင်အားစုက ဖော်ပြပါတယ်။
၂၀၂၁ ဇူလိုင်(၂)ရက်က ဒီပဲယင်းနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ မီးရှို့ အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို တူမီးနဲ့ လက်လုပ် သေနတ်သာ ရှိတဲ့ ဒေသခံ တော်လှန်ရေး ရဲဘော်တွေက ဆပ်ပြားကျင်းရွာ အနီးမှာ ခုခံ တိုက်ခိုက် ခဲ့ပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ရှစ်ဦး အပါအဝင် ဒေသခံ အရပ်သားပြည်သူတွေနဲ့ ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ဖို့ ကြိုးစားတဲ့ ပရဟိတသမားတွေ၊ စုစုပေါင်း (၃၂)ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီပဲယင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကိုသန်းတိုးအောင် (၂၃နှစ်)၊ ကိုမောင်မောင် (၂၇နှစ်)၊ ကိုနေမျိုးကျော် (၂၃နှစ်)၊ ကိုနေသူအောင် (၁၉နှစ်)၊ ကိုဟိန်းဇော်ဖြိုး (၁၉နှစ်)၊ ကိုမျိုးမင်းထွေး (၂၂နှစ်)၊ ကိုရဝေအောင် (၂၁နှစ်)၊ ကိုသန့်ဇင်ဝင်း (၁၉နှစ်)တို့ ကျဆုံးခဲ့တာပါ။
ဆပ်ပြာကျင်းရွာ တူမီးတိုက်ပွဲအတွင်း စစ်အုပ်စုက လက်နက်ကြီးတွေပါ အသုံးပြု ပစ်ခတ်ခဲ့ပြီး ဒဏ်ရာရတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ဒေသခံပြည်သူတွေနဲ့ ပရဟိတ သမားတွေကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စု ပြန်ထွက်သွားပြီးနောက် ဟိုတစု၊ ဒီတစု ပြန့်ကျဲနေတဲ့ အလောင်းတွေကို လှည်းပေါ် လိုက်ကောက်တင်ပြီး သင်္ဂြိုဟ်ခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ စီးနင်းလုယက် မီးရှို့ဖျက်ဆီးမှု အဆိုးရွားဆုံး ခံနေရတဲ့ မြို့နယ် ဖြစ်ပြီး နေအိမ်(၆၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရပြီး ဖြစ်ပါတယ်။