အမေရိကန် နိုင်ငံ ၊ ဆန်ဖရန်စစ္စကို မြို့မှာ ကျင်းပမယ့် အာရှ −ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်ပိုရေးရှင်း( APEC)အစည်းအဝေးတက်ရောက်လာတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေအနေနဲ့ စစ်ကောင်စီကို လက်နက်မရောင်းချဖို့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
အမေရိကန် ၊ရုရှား နဲ့ တရုတ်တို့အပါအဝင် အဖွဲ့ဝင် ၂၁ နိုင်ငံပါတဲ့ APEC ရဲ့ ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို မနက်ဖြန် နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာပါ။
APEC အဖွဲ့ဝင်နိုင်ငံတွေထဲမှာ စစ်ကောင်စီကိုလက်နက်ရောင်းချနေတဲ့ တရုတ် နဲ့ ရုရှားတို့ပါဝင်နေပြီး ညီလာခံ ကျင်းပရာ အနီးမှာ ပြည်ပရောက်မြန်မာတွေစုစည်းကာ မနေ့ နိုဝင်ဘာလ ၁၃ ရက်က ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။
မြန်မာနဲ့အိမ်နီးချင်း အိန္ဒိယ ၊ ထိုင်း တို့အပြင် အာဆီယံဒေသတွင်း စင်ကာပူ တို့ လည်း APEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်လို့ အဲဒီနိုင်ငံတွေကိုလည်း စစ်ကောင်စီနဲ့မပူးပေါင်းဖို့ သတင်းစကားတပါတည်းပါးတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူတွေက ဆိုပါတယ်။
ဒါအပြင် စစ်ကောင်စီကိုလက်နက်ခဲယမ်းမရောင်းချဖို့ နဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချတာကိုလည်း ပိတ်ပင်ဖို့ တောင်းဆိုကြတာတွေ့ရပါတယ်။
မြန်မာနည်းတူ APEC ခေါင်းဆောင်တွေကို သဘာဝပတ်ဝန်းကျင်အရေး ၊ အစ္စရေး − ပါလက်စတိုင်း အရေးနဲ့ပတ်သက်ပြီး ထောင်နဲ့ချီတဲ့သူတွေစုဝေးဆန္ဒပြတာတွေလည်းရှိနေပါတယ်။