မိုးမောက်မြိုနယ်၊ လိုင်လွမ်အောင်ဂျာ အနီးဘက် ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက လေယာဉ်နဲ့ ထောက်ပို့ ပစ္စည်း လာချပေးရာ KIA ဘက်က ပစ္စည်းအချို့ သိမ်းဆည်းရမိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီက လေယာဉ်ကနေ လေထီး ၁၂ စင်းနဲ့ လာချရာ ၁ စင်းက လေထီး မပွင့်ပဲ ကွဲပြဲ လွင့်စင်သွားပြီး လေထီး ၁၁ စင်းထဲက တစ်စင်းကို KIA ဘက်က ရရှိသွားတယ်လို့ KIA မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရရှိထားတဲ့ အထုပ်တွေထဲမှာ ရိက္ခာနဲ့ ဆေးဝါးအပြင် လက်နက်ခဲယမ်းတွေလည်း ပါတယ်လို့ သူကပြောပါတယ်။
“ရထားတာ များတော့များတယ်။ လက်နက်ကြီးကျည်တွေရော တခြားကျည်တွေရောပါတယ်” လို့ သူက ပြောပါတယ်။
ညနေပိုင်းတုန်းက ထောက်ပို့ ပစ္စည်း ထုပ်တွေကျလာလို့ သွားကောက်ကြချိန် မြေပြင်မှာ ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ပစ္စည်း တချို့ KIA ဘက် ပါသွားတာကြောင့် စစ်ကောင်စီဘက်က လေယာဉ် ၃စီးနဲ့ ဗုံးကြဲစစ်ကူ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ နေရာဝန်းကျင် စစ်ကောင်စီနဲ့ KIA တို့အကြား နေ့တိုင်း တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ကြောင်းတွေနဲ့ ထိုးစစ်ဆင်ကာ လေကြောင်းနဲ့ လည်း နေ့စဉ်နီးပါး ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။