တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တနင်္သာရီမြို့နယ်ထဲက လေသာတောင်ရှိ ဆက်သွယ်ရေးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြောက်ကျားစနစ်နဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ပူးပေါင်းစစ်ကြောင်း (၂) က စစ်ကြောင်းမှူးတွေ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ညနေ ၃ နာရီဝန်းကျင်မှာ ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဘန်းလမွတ်ကျေးရွာအုပ်စုထဲမှာ ရှိတဲ့ အဲ့ဒီဆက်သွယ်ရေးစခန်းကနေ တောင်ခြေကို ရေဆင်းသယ်တဲ့ စစ်ကောင်စီတပ်သား ခုနှစ်ဦးထဲက လက်နက်မပါတဲ့ ငါးဦးကို အရှင်ဖမ်းဆီးဖို့လုပ်ပေမဲ့ အနောက်ကလိုက်လာတဲ့ လက်နက် ပါလာသူ စစ်ကောင်စီတပ်သား နှစ်ဦးနဲ့အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့တယ်လို့ သွားရောက်တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
” သူတို့ကို စစ်သုံ့ပန်းအနေနဲ့ အရှင်ဖမ်းဖို့ လက်မြှောက်ခိုင်းထားချိန်မှာ သေနတ်ပါတဲ့ အနောက်က နှစ်ယောက်က ပြန်ပစ်တဲ့အတွက် ကျနော်တို့လည်း သူတို့ကို အသေပြန်ပစ်ခတ်ခဲ့ပါတယ်” လို့ တပ်ဖွဲ့ဝင်က ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြောက်ကျားတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတော့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)၊ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ ဖြစ်ပါတယ်။
မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၂) မှာ မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊ ကျွန်းစုမြို့နယ်ပကဖ၊ ပုလောမြို့နယ်ပကဖ၊ တနင်္သာရီပကဖနဲ့ Dragon squadဒရုန်းလက်ရုံးတပ်ဖွဲ့တို့ ပါဝင် ဖွဲ့စည်းထားကြောင်းကိုလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။