ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင် ပြည်သူ့ရင်ခွင် ခိုလှုံကြောင်း MNDAA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ——-ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ ညီနောင်မဟာမိတ် ၃ ဖွဲထံသို ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင် ဝင်ရောက်လာခဲ့ကြကြောင်း သိရှိရသည်။
ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကြသူတစ်ဦးချင်းစီကို မြန်မာကျပ်ငွေ ၁၀ သိန်း ၊ ၎င်းတို့၏ မိသားစုဝင်တစ်ဦးချင်းစီကို တစ်ဦးလျှင် ၁ သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ကျန်းမာရေးချိုယွင်း၊ ကျန်းမာရေးမကောင်းသူများကိုလည်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ထိုနောက် ၎င်းတို့သွားလိုရာနေရာများအသီးသီးသိုလည်း လုံခြုံစွာပိုပေးထားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ခမရ ၁၂၉ မှ တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ တပ်ဖွဲ့ဝင်များ၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ ၁၃၄ ဦးပါဝင်ပြီး စစ်ဘက်အရပ်ဘက် စုစုပေါင်း ၂၆၂ ဦးတို၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ——ကို မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။
“အလင်းဝင်လာသူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသပေးတယ်။ သူတို့သွားချင်တဲ့နေရာတွေကို အန္တရာယ်ကင်းစွာ သွားအောင်ပို့ဆောင်ပေးတယ်။ စစ်သား ၁ ဦးကို ၁၀ သိန်း၊ မိသားစုဝင် ၁ ဦးကို ၁ သိန်း ချီးမြှင့်ပါတယ်” ဟု MNDAA ပြန်ကြားရေး လီကျားဝင်းက ပြောဆိုသည်။