ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ တာရွှေထန်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ဗုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၄ နှစ်နှင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ပြည်သူ ၁၀ ဦး အဆိပ်မိခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်ကို ကိုးကန့် MNDAA က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၆ ရက်ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လောက်ကိုင်မြို့နယ်၊ တာရွှေထန်ရွာကို လေကြောင်းဖြင့် ဓာတုအဆိပ်ဗုံးများကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၄ နှစ်နှင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးကာ ဒေသပြည်သူ ၁၀ ဦး အဆိပ်မိခဲ့ကြောင်း သိရသည်။
“စစ်တပ်က လေယာဥ်နဲ့ ဗုံးလာကျဲတဲ့အချိန် အငွေ့တွေဝင်လာတော့ ကြောက်ပြီး တံခါးပိတ်လိုက်တယ် ပိတ်လိုက်ပြီးတော့ ၅ မိနစ်လောက်နေတော့ မူးတယ်။ မူးတယ်ဆိုပြီး အကုန်လုံး သတိမရတော့ဘူး။ မိုးလင်းတော့မှ သတိရတယ်။ ဆရာတို့ အဖွဲ့လာကြိုခံနီးမှ သဂြိုလ်ခဲ့ရတာ အသက် ၁၄ နှစ် ၁ ဦးနဲ့ ၃ နှစ် ၁ ဦး သေဆုံးတယ်။ အငွေ့ရှုမိတော့ မူးလာတယ်။ အန်တယ်။ ကျွန်တော်ဆို နားထဲက သွေးပါထွက်တယ်။ ခြေတွေလက်တွေ မသယ်နိုင်တော့ဘူး။ စဖြစ်ခါစက သတိရှိနေတဲ့ အချိန်ကျတော့ အားယူပြီးထတာတောင် ပစ်လဲကုန်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိပ်ငွေ့ ရှုမိသောကြောင့် မူးခြင်း၊ အန်ခြင်း၊ မေ့လဲခြင်း၊ ရင်ဘတ်အောက်ခြင်း၊ အသက်ရှုမဝခြင်းနှင့် နားမှ သွေးများကြခြင်း စသည့် ဝေဒနာများ ခံစားရပြီး ဝမ်းလျောရောဂါ ခံစားရသူများလည်း ရှိကြောင်း ဒေသပြည်သူများ ပြောဆိုချက်အရသိရသည်။
“၂၅ ရက်နေ့မဖြစ်ခင်အချိန်က အကုန်လုံးအကောင်း ခြေတွေလက်တွေ ကုန်ထမ်းနေကျတာလေ အဲလိုလာကျဲပြီးတော့ ဖြစ်သွားကျတာ လမ်းတွေလည်း မလျှောက်နိုင်တော့ဘူး။ အငွေ့ရှုပြီးတော့ လူတွေလဲကုန်တာ ဝမ်းက လျောတဲ့သူ လျောတယ် မလျောတဲ့သူ မလျောဘူး။
ပထမဆုံးက အန်တာ ရင်ဘတ်တွေ အောက်ပြီးတော့ အန်တာ အသက်ရှုကျပ်တယ်။ အခုဆုံးသွားတာက ကျွန်တော့်သားနဲ့ ကျွန်တော့် မြေးနဲ့ ကျွန်မသား အငယ်ဆုံးလေးပါ ၁၄ နှစ် ၇ တန်းကျောင်းသား မြေးက ၃ နှစ်ပါ” ဟု ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။