ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင်မြို့အထွက် ၁၀ တန်ဂိတ်ဘက်သို့ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် စစ်ဘေးရှောင် ပြည်သူများမှာ ထွက်ပြေးနေရပြီး ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် လောက်ကိုင်မြို့နယ်၊ ဒေသစစ်ဆင်ရေးနှင့်ကွပ်ကွဲမှုဌာနချုပ်(ဒကစ)ထဲမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ကျည်ဆန်များသည် ပိတ်မိနေ၍ ရပ်နားနေရသည့် စစ်ဘေးရှောင် ပြည်သူများအကြား ကျရောက်ကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ကျန်ရှိသော စစ်ဘေးရှောင်များမှာလည်း ကျည်လွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရှိရသည်။
“တိုက်ပွဲက ပတ်ပတ်လည်မှာဖြစ်နေတာ့ ဟိုဘက်နားမှာ ပစ်နေရင် လွတ်မယ့် ဒီဘက်ကို ပြေးရတယ်။ ဒီဘက်နားမှာ ပစ်ခတ် နေရင် လွတ်မယ့် ဟိုဘက်နားကိုပြေးရတယ်။ စစ်ဘေးရှောင်ပြည်သူတွေထဲကို ပစ်ထည့်တာတော့ စစ်တပ်က ပစ်ထည့်တယ်။ တမင် ပစ်တာလို့ ထင်တယ်။ အဲဒီအခါကျမှ အကုန်ရှုပ်ထွေးကုန်ပြီး ကိုးကန့်တွေဘက်က ပစ်တယ်ပြောဖို့များလားပေါ့။ အခုကတော့ စစ်တပ်ရဲ့ ဒကစ စခန်းထဲက လှမ်းပစ်တာ။၅ ဦးလောက် ထိထားတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။