ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ လောက်ကိုင်မြို့အနီး၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေကြောင်း သိရသည်။
“ဒီနေ့ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက စတင်ပြီး လောက်ကိုင်မြို့ အနီးမှာ တိုက်ပွဲဖြစ်နေတယ်။ စစ်တပ်က တိုက်လေယာဥ်တွေနဲ့ နာရီဝက်ခြား တစ်ခါလောက်ကို လာကျဲနေတယ်။ တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပါ လောက်ကိုင်ပတ်ချာလည် အကုန်ဖြစ်နေတာ မနက်ပိုင်း လောက်ပဲ ငြိမ်ပြီး မွန်းလွဲ ၂ နာရီလောက်ကနေ စပြီး ပစ်နေတာ စက်သေနတ် သံတွေလည်း ဒီတိုင်းကြားရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ထိတွေ့ တိုက်ပွဲစတင် ဖြစ်ပွားသည့် အချိန်က စတင်ပြီး အကြမ်းဖက် စစ်တပ်က လေယာဥ်ကြောင်းဖြင့် ဗုံးကျဲနေကာ အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ ရဟတ်ယာဥ်များဖြင့် သွားလျက်ရှိကြောင်း၊ လက်ရှိချိန်ထိ သေနတ်သံနှင့် လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။