ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ လောက်ကိုင်မြို့ခံတွေက ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
လောက်ကိုင်မြို့အနီး မနေ့က တစ်ညလုံး ပစ်ခတ်သံတွေ ကြားနေရပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) ထဲကနေ အတွဲလိုက်ဒုံးတွေနဲ့ လှမ်းပစ်နေတာ တွေ့နေရတယ်လို့ ဆိုပါတယ်။
“ဒကစ ကနေ လှမ်းပစ်တာပဲ။ ဘယ်ကိုလဲတော့ မသိဘူး။ ညကပစ်တယ်၊ မနက်ထိပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မနေ့က စတင်ကာ လောက်ကိုင်မြို့အနီး တာရွှေထန်ဒေသမှာ မြောက်ပိုင်း မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားနေပြီး အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒီကနေ့ လောက်ကိုင်မြို့နေ ပြည်သူတွေ ဆန်၊ ဆီနဲ့ အခြေခံ စားနပ်ရိက္ခာတွေ အလုအယက် ၀ယ်ယူနေပြီး ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာကာ လက်ရှိ ဆန်၀ယ်လို့ မရတော့ဘူးလို့ သူကဆက်ပြောပါတယ်။
“စျေးတွေက တက်ချက်။ ဆန်တွေ မရတော့၊ ၀ယ်လို့ကို မရတော့တာ။ ဆိုင်တွေလည်း တော်တော်များများ ပိတ်ထားတုန်းပဲ” လို့ လောက်ကိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။
ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်တဲ့ TNLA၊ MNDAA ၊ AA အပြင် BPLA နဲ့ MDY PDF တို့ ပူးပေါင်းပြီး အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေး အဖြစ် မုံကိုး၊ ဖောင်းဆိုင်၊ မန်းယန်၊ နမ့်ခမ်း၊ စခန်းသစ်ကုန်း၊ နမ့်ဖက်ကာ၊ ကွတ်ခိုင်၊ မုံးစီး၊ သိန္ဒီ၊ ရေပူ၊ လားရှိုး ခမရ(၆၈) နဲ့(၄၁) လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့ ဒေသတွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လက်ရှိ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေ အတွင်း ချင်းရွှေဟော်မြို့ အပါအ၀င် စစ်ကောင်စီတပ်စခန်း အများအပြား တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေက သိမ်းယူထားပြီး လက်နက်ခဲယမ်း အမြောက်အများ ရရှိထားတယ်လို့ သိရပါတယ်။