ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ ဖေဖော်ဝါရီ ၃ရက်ကပြုလုပ်တဲ့ အထူးစီမံချက်ကနေ သံသယရှိတဲ့သူ၃၆ ဦးကို ဖမ်းမိခဲ့တယ်လို့ MNDAA ရဲ့ The Kokang သတင်းမှာပါရှိပါတယ်။
စွမ်းဟော့ချိန်နဲ့တုံချိန် နယ်စပ် ၂နေရာမှာ ဖမ်းမိတာဖြစ်ပြီး ဒီလိုဖမ်းမိရာမှာ ပြစ်မှုကျုးလွန်တဲ့အခါ အသုံးပြုတဲ့လက်ကိုင်ဖုန်းအများအပြားနဲ့ ဆက်စပ်လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့လို့ အထူးဒေသရဲဌာနကိုအပ်ခဲ့တယ်လို့ဆိုပါတယ်။
ဖေဖော်ဝါရီ ၂ရက်ကစခဲ့တဲ့ အထူးဒေသရဲ့ နယ်မြေရှင်းလင်းရေး အထူးစီမံချက်မှာ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ရာဇဝတ်မှုပေါင်းစုံလုံးဝ ပပျောက်စေဖို့အတွက် အထူးဒေသစစ်အုပ်ချုပ်ရေးကော်မတီ လက်အောက်ရှိအဖွဲ့တွေက ရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းကဆိုပါတယ်။
တရားဝင် နေထိုင်တဲ့ပြည်ပနိုင်ငံသားတွေ ယာယီနေထိုင်ခွင့် မှတ်ပုံတင်ရေး၊ ယာယီနေထိုင်ခွင့် သက်သေခံလက်မှတ်ပြုလုပ်ပေးမှုအစီအစဥ်ကိုလည်း တချိန်ထဲဆက်လက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ကိုးကန့်ဒေသအတွင်း ပြည်သူ့လုံခြုံရေး ရှင်းလင်းရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေတယ်လို့ ကြေငြာထားပါတယ်။