ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ လက်နက်ချသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုအရေအတွက် ၄၀၀၀ ကျော်သည် ကျိုင်းတုံနှင့် လားရှိုးမြို့တို့သို့ ထွက်ခွာနေကြကြောင်း MNDAA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“တချို့အဖွဲ့တွေက လားရှိုးဘက်ကိုလာတယ်။ အများစုက ကျိုင်းတုံဘက်ကို ၀ နယ်ထဲကနေ ဖြတ်ပြီးသွားပါတယ်။ စစ်သည်နဲ့ အရာရှိတွေအတော်များများက ကျိုင်းတုံဘက်ကို သွားနေကြတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
လက်နက်ချ အညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များက လက်ခံထားရန် အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်ပိုင်းက ညွှန်ကြားထားပြီး လက်နက်ချ အညံ့ခံသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရေးယူ၊မယူကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောဆိုထားသည်။