လောင်းလုံးမြို့နယ်ကျေးရွာတွေကို သုံးပတ်နီးပါးအကြာစစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်ကနေ အခုလ ၁၃ ရက်အထိ လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေကို တစ်ရွာဝင်၊ တစ်ရွာထွက်စစ်ကြောင်းထိုးခဲ့တာပါ။
အဲဒီစစ်ကြောင်းကို လောင်းလုံးမြို့နယ်ထဲက နေရာငါးနေရာမှာ မိုင်းကွင်းတွေနဲ့ အသင့် စောင့်ကြိုခဲ့ပေမယ့် တစ်ကြိမ်ပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့ရတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုပီတာက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၁၆ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေက ဟန့်တားတာမရှိရင် စကစဘက်က ပိုပြီးထိခိုက်မှုများမှာပါ။ နယ်မြေခံအဖွဲ့တွေကြောင့် မိုင်းကွင်းတချို့ဖြုတ်ထားလိုက်ရတယ်” လို့ တာဝန်ခံ ကိုပီတာကပြောပါတယ်။
စစ်ကောင်စီတပ်က နေအိမ်တွေကိုမီးရှို့ပြီး အရပ်သားတွေကို ပိုပြီးပစ်မှတ်ထားတိုက်ခိုက်လာမှာစိုးရိမ်လို့ မိုင်းဆွဲတိုက်ခိုက်ဖို့ကို ဟန့်တားခဲ့ကြတာဖြစ်တယ်လို့ ကိုပီတာက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းချိန်မှာလည်း စစ်ကောင်စီတပ်ကြပ်ကြီးအလောင်းတစ်လောင်း၊ လက်ပစ်ဗုံးတစ်လုံးနဲ့ ကားတစီးကျန်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ DDT တပ်ခွဲ ၃၊ လိပ်ပြာတပ်စု (လောင်းလုံး – ပကဖ)နဲ့ ထားဝယ်နဂါး တပ်ခွဲ ၅ တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ်ထဲကို စစ်ကြောင်းထိုးခဲ့တဲ့ သုံးပတ်နီးပါးကာလအတွင်း ဒေသခံအမျိုးသား ၃ ဦးကိုသတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၈ ရွာက နေအိမ် ၁၃၀ ကျော်ကို မီးရှိုဖျက်ဆီးခဲ့ပါတယ်။