လောင်းလုံးမြို့နယ်၊ သောကြာပြင်ရွာလမ်းဆုံက လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်သားတွေ မနေ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၂၀ လောက်ကားတွေနဲ့ရောက်လာပြီး သောကြာပြင် လမ်းဆုံက လက်ဖက်ရည်ဆိုင်တစ်ဆိုင် ကိုဝင်ရောက်စီးနင်းခဲ့တယ်။
“ဝရမ်းပြေးရှာတယ်လို့ပြောပြီးဝင်တာ။ လက်ဖက်ရည်သောက်နေတဲ့သူတွေရောအကုန်မှောက်ခိုင်းထားပြီး တအိမ်လုံးကိုဝင်မွှေတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲဒီနောက် အနီးကထမင်းဆိုင်တခုမှာရှိနေတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ကမြောကင်းတံတားစစ်ကောင်စီဂိတ်ကို ကားနဲ့တင်ဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့အမျိုးသားဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ဆိုင်တစ်ဆိုင်မှာလည်း ရွေ၊ ငွေနဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်သားတွေက အတင်းအဓမ္မယူဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လက်ဖက်ရည်ဆိုင်ကို ဝင်ရောက်မစီးနင်းခင်ကတည်းက ရွာထဲလမ်းတလျှောက်နဲ့ စာသင်ကျောင်းမှာနေရာယူထားတာဖြစ်ပြီး ညနေ ၃ နာရီလောက်မှ ရွာထဲကနေအကုန်လုံး ထွက်ခွာသွားတယ်လို့သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်ကလည်း သောကြာပြင်လမ်းဆုံတဝိုက်မှာ စစ်ကောင်စီတပ်သားတွေလမ်းကင်းယူတာနဲ့ စစ်ဆေးတာတွ လုပ်ဆောင်ခဲ့ပါသေးတယ်။
လောင်းလုံးမြို့နယ်မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်က အင်းအားအများအပြားနဲ့လုံခြုံရေးတင်းကြပ်ပြီး အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူနေပါတယ်။
သူတို့ဟာ မောင်းမကန်ရွာမှာ သုံးရက်အကြာ အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူခဲ့သလို ဒီနေ့မှာလည်း ရွာဟောင်းဝရွာမှာ လူဦးရေစာရင်းကောက်ယူနေပါတယ်။