ဖိုးဖိုးကျောက်ကမ်းခြေရှိရာ ညောပြင်ရွာကနေအိမ်တွေကို မနေ့ညက မီးရှို့ခဲ့တဲ့ စစ် ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာလည်း အောက်ကျောက်ဝပ်ရွာက နေအိမ်တွေကို မီးထပ်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောပြင်ရွာက နေအိမ်အများအပြားကို မနေ့ညက မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း အောက်ကျောက်ဝပ်ရွာကို ဆက်သွားခဲ့ပြီး ဒီနေ့မနက် ၈ နာရီဝန်းကျင်လောက်မှာ နေအိမ်တွေကို မီးစရှို့ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်ကျောက်ဝပ်ရွာအနီးမှာရှိနေတဲ့ ဒေသခံတစ်ဦးကို ဒီကနေ့ မွန်းလွဲ ၁ နာရီ အချိန်လောက်က ဆက်သွယ် မေးမြန်းချိန်မှာတော့ “မီးခိုးတွေထွက်နေတုန်းပဲ။ အတိအကျဘာမှမသိသေးဘူး” လို့ ပြောပါတယ်။
မနေ့က မီးရှို့ခံခဲ့ရတဲ့ ညောပြင်ရွာမှာတော့ ညသန်းခေါင်အချိန်ထိ အရှိန်ပြင်းပြင်းနဲ့မီးလောင်ကျွမ်းပြီးနောက် ဒီနေ့မနက်ပိုင်းအထိလည်း နေအိမ်တချို့မှာ မီးကြွင်းကျန်တာတွေ လောင်ကျွမ်းနေဆဲဖြစ်တယ်လို့ ဒေသခံကဆက်ပြောပါတယ်။
ညောပြင်ရွာမှာ မီးရှို့ခံရတဲ့နေအိမ် အရေအတွက်က တစ်ရာလောက်အထိနိုင် တယ်လို့ ရွာခံတွေက ခန့်မှန်းပါတယ်။
ရွာခံအမျိုးသားတစ်ဦးက “စစ်သားတွေက ဟိုတနေရာဒီတနေရာ ပတ်ရှို့တာ။ ရွာအနောက်ပိုင်းမှာ အဓိကထိတယ်။ ဓနိမိုးအိမ်တွေကကပ်နေတော့ အားလုံးကုန်သွားလောက်တယ်” လို့ ဆိုပါတယ်။
ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံတွေကတော့ စစ်ကောင်စီစစ်ကြောင်းကြောင့် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ဒါ့အပြင် တောထဲက စစ်ဘေးရှောင်နေသူတချို့လည်း ဒီနေ့မနက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး အစုလိုက်ဖမ်းသွားခံရတာရှိတယ်လို့လည်း ဒေသခံက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ စစ်ရှောင်အရေအတွက်နဲ့ ဘယ်ရွာသားတွေလဲ ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ရွာတွေကို မီးရှို့နေတဲ့ အဲဒီစစ်ကြောင်းမှာ အင်အား ၁၅၀ လောက်ရှိပြီး ကျောက်နီမော်ရွာက ပျူစောအထီးတွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ အောက်ကျောက်ဝပ်ရွာနဲ့ အနီးတဝိုက်ကတောတွေထဲမှာ တပ်ဖြန့်ထားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
လောင်းလုံးမြို့နယ်ကို စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ နှစ်ပတ်အတွင်း မီးရှို့ခံနေတဲ့ကျေးရွာ ၇ ရွာအထိရှိပြီ ဖြစ်ပါတယ်။