ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်အား တစ်ရက်တည်း သုံးနေရာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးသေပြီး တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံးကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၀ ရက် နံနက် ၆ နာရီခန့်က လောင်းလုံးမြို့ပေါ်မှ စစ်ကောင်စီတပ်များသည် သဗျာကျေးရွာသို့ စစ်ကြောင်းထွက်ချိန် ကြားဖြတ်တိုက်ခိုက်ရန် သွားရောက်စောင့်ဆိုင်းစဥ် ထိပ်တိုက်တိုးပြီး အပြန်အလှန်ပစ်ခတ်မှု စတတင်ဖြစ်ပွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်နေတဲ့အချိန်မှာ ထိပ်တိုက်တိုးတာဗျ။ သူတို့ဘက်က အင်အား ၃၀ လောက်ရှိမယ်။ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ရဲဘော်နှစ်ဦးကျလို့ ပြန်ဆုတ်ခဲ့ရတယ်”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ ရဲဘော်သံခြေထောက်နှင့် ရဲဘော်ကပ္ပလီတို့နှစ်ဦးကျဆုံးပြီး M16 သေနတ်နှစ်လက်ဆုံးရှုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့နောက် ကျဆုံးသွားသည့် ရဲဘော်နှစ်ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးမှ နေအိမ်အတွင်းထည့်ကာ မီးရှို့ဖျက်ဆီး၍ အလောင်းများအား ဖျောက်ဖျက်ရန်ပြုလုပ်ခဲ့သော် လည်း ကျဆုံးရဲဘော်နှစ်ဦး ၏ ရုပ်အလောင်းများအား ပြန်လည်ရယူနိုင်ခဲ့သည်ဟု LLPDF က အသိပေးသည်။
သို့ဖြစ်၍ ယင်းနေ့(ဒီဇင်ဘာ ၂၀)ညနေ ၄ နာရီခွဲခန့်တွင် လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် စစ်ဘက်ရေးရာ စရဖ ရုံးနှင့် လောင်းလုံးအထက်တန်းကျောင်နေရာတို့ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
“ညနေတိုက်ခိုက်မှုမှာတော့ စကစ တပ်သားခြောဦး ထိခိုက်သေဆုံးတယ်ဗျ။ အသေးစိတ်ကိုတော့ ကျနော်တို့ အတည်ပြုနိုင်ဖို့ဆက် လက်စုံစမ်းနေတုန်းပါခင်ဗျာ”ဟု အဆိုပါ စီးနင်းတိုက်ခိုက်မှုအခြေအနေအား LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ စရဖ ရုံးနှင့် စာသင်ကျောင်းနေရာအား စီးနင်းတိုက်ခိုက်မှုတွင် စာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားရာ M16 ကျည် ၅၀ တောင့်၊ ဓားတစ်လက်နှင့် အသုံးအဆောင်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။