လောင်းလုံးမြို့က စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့မနက်အစောပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
၄ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ နာရီဝက်နီးပါးအကြာဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“တိုက်ပွဲက ပေါက်ကွဲသံတွေပစ်သံတွေအစုံပဲ။ ရုံးထဲတော့ဝင်မစီးမိကြဘူး။ လာတိုက်ပြီးပြန်ဆုတ်သွားကြတာ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
စရဖရုံးဝင်တိုက်ခံနေရချိန် လောင်းလုံးမြို့ပေါ်က မြို့မရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ထွေအုပ်ရုံးတွေဘက်ကလည်း သေနတ်ပစ်ခတ်သံအများအပြားထွက်ပေါ်ခဲ့တယ်လို့ မြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
အခုတိုက်ခိုက်ခံရတဲ့ စရဖရုံးမှာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်က ပုံမှန်တပ်စွဲထားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနစ် ဇူလိုင်ကလည်း ရေဖြူမြို့နယ်က စရဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖောက်ခွဲ ဖျက်ဆီးခဲ့ ဖူးပါတယ်။