တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားနှင့် မောင်းမကန်နယ်မြေရဲစခန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ရဲချောင်းလမ်းဆုံ၌ အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများ လိုက်ပါလာသော ကားကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား နှင့် ပျူစောထီး ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မောင်းမကန် နယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် သွားရောက် တိုက်ခိုက်ရာ လက်နက်ကြီး ကျည်ထိမှန်ပြီး စခန်းမှူး အဆောင်နှင့် ကပ်လျှက်ရှိသည့် အဆောင် ၂ ခုပျက် စီးခဲ့ပြီး စစ်ကောင်စီ တပ်သား အများပြား ထိခိုက် သေဆုံးခဲ့ကြောင်း၊ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ခလရ (၁၀၄) မှ မြေတင်ကား ၁ စီးဖြင့် လာရောက်ကာ စစ်ကောင်စီတပ်သား အလောင်း ၄ လောင်း အပါအဝင် ဒဏ်ရာပြင်းထန်သည့် စစ်သား ၉ ဦးကို တင်ဆောင်ကာ ခလရ ၁၀၄ တပ်ရင်း အတွင်း ညတွင်းချင်း သယ်ဆောင်သွားကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်း သိရလို့ တိုက်ပွဲဖြစ်စဉ်ကို ထပ်ပြီးတော့ ထုတ်ပြန်တာပေါ့။ ရဲချောင်းလမ်းဆုံမှာ ဖြစ်တုန်းက ကားပေါ်မှာ ၂ ကောင်သေ ကုန်းပေါ်မှာ ၁ ကောင်သေ ၃ ကောင်သေခဲ့တယ်။ ဒဏ်ရာရတဲ့ ကောင်တွေကို ကျောက်နီမော် စစ်ခွေးစခန်းကို ဆွဲခေါ်သွားပြီး ဆေးကုသနေတုန်း ၃ ရက်ကြာမှာ ၂ ကောင် ထပ်သေခဲ့ပါတယ်။ မောင်းမကန်စခန်းတိုက်ပွဲမှာကျတော့ အဲနေ့ နံနက် ၂ နာရီ ၃၀ မိနစ်မှာ ၁၀၄ တပ်ရင်းကနေ မြေတင်ကား ၁ စီး ရောက်လာပြီး ၁၃ ကောင် သယ်သွားခဲ့ပါတယ် ၄ ကောက်က သေနေပြီး ကျန် ၉ ဦးက ဒဏ်ရာများစွာရနေခဲ့ပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် ခလရ ၁၀၄ တပ်ရင်းမှ အင်အား ၄၀ ရှိ စစ်ကောင်စီ တပ်သားများသည် လက်နက်အပြည့်အစုံဖြင့် မောင်းမကန်စခန်း၌ အင်အားထပ်ဖြည့်ထားပြီး စစ်သင်္ဘောများလည်း မောင်းမကန်ကျေးရွာအနီး ကျောက်ချထားကာ လောင်းလုံးမြို့ အနီးတွင်လည်း ကင်းများချထားကြောင်း သိရသည်။