တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ ဓားပြဝင်တိုက်သွားပြီး ပြည်သူပိုင် ကျပ်သိန်း ၅၀၀ ကျော် တန်းဖိုရှိ ရွှေ၊ငွေနဲ့ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ လောင်းလုံးမြို့မရဲစခန်းက ထွက်လာတဲ့ တပ်နဲ့ရဲအင်အား ၅၀ ပါ ပူးပေါင်းအဖွဲ့တွေဟာ ကား ၅ စီးနဲ့ ရောက်ရှိလာပြီးနောက် နေအိမ် ၂၆ လုံးကို ဝင်ရောက်ဓားပြတိုက်သွားခဲ့တာပါ။
စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ အရင်ဆုံးကျေးရွာဘုန်ကြီးကျောင်းဘေးက လူမရှိတော့တဲ့ နေအိမ်ကို ဝင် ရောက်ဖောက်ထွင်းခဲ့ပြီး လူနေတဲ့နေအိမ်က ပြည်သူတွေကို အိမ်အပြင်ထွက်ခိုင်းကာ လိုချင်တဲ့ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံ ၃ ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒေသခံတစ်ဦးကတော့ ကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ပြည်သူပိုင်နေအိမ်က တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်မှုဟာ ဓါးပြတိုက်တာပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီအဖွဲ့ဟာ ညင်းမော်ရွာကို ဝင်ရောက်လာပြီး နေအိမ် ၂၆ လုံး ဝင်မွှေသွားတာ အချိန်တစ်နာရီနီးပါးသာ ကြာမြင့်တာကြောင့် နေအိမ်တွေကို သေနတ်ပြခြိမ်းခြောက်ပြီး ပစ္စည်းယူဖို့ စီစဉ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ညင်းမော်ရွာဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ နေအိမ်တွေကို ဝင်မွှေချိန်မှာ ဒေသခံပြည်သူတွေကို စစ်ဆေးမေးမြန်းတာ၊ လူဖမ်းဆီးသွားတာမရှိဘဲ တန်းဖိုရှိပစ္စည်းတွေကိုသာ အဓိကယူ ဆောင်သွားတယ်လို့ သိရပါတယ်။
ဒေသခံတွေ ပြုစုထားတဲ့အချက်အလက်တွေအရ နေအိမ် ၂၆ လုံး ဓားပြတိုက်ခံရမှုမှာ ပြည်သူပိုင် ငွေကျပ်သိန်း ၁၃၀ ကျော်၊ ရွှေ ၉ ကျပ်သား၊ ဆိုင်ကယ် ၇ စီး၊ သုံးဘီး ၁ စီးနဲ့ မှတ်ပုံတင်တွေပါ ပါ သွားတယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာဟာ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်နီးပါးကာလအတွင်း စစ်အုပ်စုကို ဆန့်ကျင်ကြောင်း ဆန္ဒပြမှုတွေ ဆက်ရှိနေသလို တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားအားကောင်းတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီ စစ်ကြောင်းဟာ လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာထဲ ဝင်ရောက်လာပြီး ပြည်သူပိုင်တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားသလို ဆိုင်ကယ် ၂၁ စီးနဲ့ တဲ ၁၈ လုံး ကိုလည်း မီးရှို့ဖျက်ဆီးထားပါတယ်။
အခုနှစ်ကုန်ပိုင်းစပြီး လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဟာ PDF တွေ ထောက်ခံရင် ဒီထက်ဆိုးမယ်၊ ဆန္ဒပြရင် ဒီထက်ဆိုးမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ရေးသားသွားလေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။