လောင်းလုံးမြို့ပေါ်မှာ ပျူစောထီးအဖွဲ့ဝင်ကို မနေ့ညက အမည်မသိအဖွဲ့တစ်ခုလာရောက်ပစ်ခတ်ချိန်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ည ၇ နာရီလောက်မှာ လောင်းလုံးမြို့ပေါ်၊ (ဃ)ရပ်ကွက်က ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို အမည်မသိအဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်တာပါ။ တချိန်တည်းမှာပဲ နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံတွေကို အများအပြား ကြားရတယ်လို့ မြို့ခံကဆိုပါတယ်။
“ပျူစောထီးရေချိုးနေတဲ့အချိန် လာပစ်တာလို့ကြားတယ်။ အဲဒါကို ဟိုကကြိုမြင်သွားလို့ သေနတ်ယူပြီး ပြန်ပစ်တာတဲ့။ ပစ်တာတော့ နှစ်ဖက်ပစ်ကြတာပဲဗျ” လို့ လောင်းလုံးမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီနောက်မှာ လောင်းလုံးရဲစခန်းက စစ်ကောင်စီတပ်သားတွေဟာ ကားတစ်စီးနဲ့ ပစ်ခတ်မှုဖြစ်တဲ့ ပျူစောထီးနေအိမ်ကို ရောက်လာပြီး ထပ်မံပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေကိုလည်းကြားရကြောင်း မြို့ခံက ဆိုပါတယ်။
ဒီကနေ့မနက်မှာလည်း (ဃ)ရပ်ကွက်နဲ့ဆက်စပ်နေတဲ့ တောစပ်တွေကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေ တောနင်းရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မနေ့ညကပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေနဲ့ ဘယ်အဖွဲ့ကလာရောက်ပစ်ခတ်တယ်ဆိုတာကို မသိရသေးပါဘူး။
အခုလ ၂၆ရက်နေ့ကလည်း လောင်းလုံး-စမ်းလှမ်း လမ်းပေါ်မှာ စမ်းလှမ်းရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ၎င်းရဲ့တပည့်တို့စီးနင်းလာတဲ့ကား ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး နှစ်ဦးစလုံးဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
လောင်းလုံးမြို့ပေါ်မှာလည်း စစ်ကောင်စီဘက်က ဖမ်းဆီးစစ်ဆေးတာတွေများပြားနေပြီး ပြီးခဲ့တဲ့ ငါးရက်အတွင်းမှာ ဖမ်းဆီးခံရပြီးပြန်လွတ်မလာသေးတဲ့ဒေသခံ ၂၀ ဝန်းကျင်အထိရှိနေပါတယ်။