တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မြို့မ ရဲစခန်းအနီးရှိ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၁ ရက် နံနက် ၆ နာရီ ၂၃ မိနစ်ခန့်က လောင်းလုံးမြို့မရဲစခန်းအနီးရှိ အခြေခံ ပညာအထက်တန်းကျောင်း၌ တပ်စွဲနေထိုင်ကာ လမ်းသွားလမ်းလာများထံမှ အတင်းအဓမ္မဆက်ကြေး ကောက်ခံနေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို M-79 40 MM နှင့် လက်နက်ငယ်များ အသုံး ပြု၍ အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးပွဲချင်းပြီးသေဆုံးကာ အများအပြားဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း လောင်းလုံးမြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကူရောက် ရှိလာသဖြင့် အချိန်မီပြန်လည် ဆုတ်ခွာခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ ကြောင်း သိရသည်။
” လက်နက်တွေတော့ သိမ်းဆည်း မရခဲ့ပါဘူး။ ဘန်ကာနှစ်ခုထဲကနေ ခုခံပစ်ခတ်နေတာကြောင့် ရှေ့တိုးဖို့မလွယ်ခဲ့တာပါ” ဟု ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Dawei Defense Team – DDT တပ်ခွဲ ၃ (ထားဝယ် – ပကဖ)နှင့် Guerilla Dawei – ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာ နေ မိဘပြည်သူများနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။