လောင်းလုံးမြို့အောက်ဘက်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဒီနေ့မနက်မှာ စစ်ကြောင်းထပ်ထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနက် ၇ နာရီဝန်းကျင်လောက်က လောင်းလုံးမြို့ကနေ ညင်းမော်နဲ့ စစ်ပြဲရွာတွေဘက်ကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီးသွားနေတာပါ။ စစ်ပြဲရွာဘက်ကိုသွားတဲ့စစ်ကြောင်းဟာ တောလမ်းအတိုင်းဝင်ရောက်နေတာဖြစ်ပြီး အင်အား ၅၀ လောက်ပါတယ်လို့ ဒေသခံရဲ့ပြောပြချက်အရ သိရပါတယ်။
“သေနတ်တွေရမ်းပစ်ပြီးဆင်းနေတယ်။ တွေ့တဲ့သူတွေကိုလည်း စစ်ကြောင်းနဲ့အတူခေါ်ဆောင်နေတယ်ဗျ” လို့လောင်းလုံးဒေသခံ အမျိုသားတစ်ဦးက ဒီနေ့ နေ့လယ် ၁၂ နာရီခွဲမှာပြောပါတယ်။
စစ်ပြဲရွာဘက်ကိုသွားနေတဲ့ စစ်ကြောင်းဟာလည်း ရွာသင်္ချိုင်းအနီးက ဆိုင်ကယ်တွေကိုရိုက်ဖြိုဖျက်ဆီးပြီး ဒေသခံတချို့ကိုလည်း ထပ်မံဖမ်းဆီးထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
လူသားဒိုင်းအဖြစ်ခေါ်ဆောင်နေသူနဲ့ စစ်ပြဲရွာထဲမှာ ဖမ်းဆီးခံထားရသူအရေအတွက်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ပြဲရွာအနီးရောက်နေတဲ့ စစ်ကြောင်းကပစ်ခတ်လို့ သေနတ်ထိမှန်သူတစ်ဦးလည်းရှိတယ်လို့ ကြားရကြောင်း ဒေသခံကပြောပါတယ်။ အဲဒီပြောဆိုချက်အပေါ် သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။
အဲဒီစစ်ကြောင်းဟာ အခုလ ၈ ရက်နေ့ကစပြီး မနေ့ကအထိ လောင်းလုံးမြို့ရဲ့ အနောက်ဘက်ကပင်လယ်ရွာတွေဖြစ်တဲ့ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီနဲ့ ပညစ်ရွာတွေဘက်ကို ဝင်ရောက်ခဲ့တဲ့စစ်ကြောင်းဖြစ်ပါတယ်။
စစ်ကြောင်းဝင်ရောက်ခဲ့ချိန် ကရင်ကြီး၊ ကမ်းပနီနဲ့ ပညစ်ရွာတွေက နေအိမ်အများအပြားကိုမွှေနှောက်ကာ ပစ္စည်းတွေခိုးယူခဲ့တဲ့အပြင် နေအိမ် ၈ ဆောင်ထက်မနည်းနဲ့ ဆိုင်ကယ်တချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ အခုရက်ပိုင်း လောင်းလုံး၊ ကျွန်းစုနဲ့ ဘုတ်ပြင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က မတူညီတဲ့ပုံစံတွေနဲ့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားတာနဲ့ နှစ်ဖက်စစ်ရေးတင်းမာတာတွေရှိနေပါတယ်။