လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်မှာရှိတဲ့ အောင်သပြေဘုန်းကြီးကျောင်းက သံဃာသုံးပါးနဲ့ အမျိုးသမီးတစ်ဦးကို ဒီကနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ကိုယ်တော်နိုင်လို့ လူသိများတဲ့ ဆရာတော်အပါအဝင် သံဃာသုံးပါးနဲ့ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။
ညနေ ၃ နာရီဝန်းကျင်လောက်က ဘုန်းကြီးကျောင်းထဲမှာ ရှိနေချိန် လောင်းလုံးရဲစခန်းက ကား၂ စီးနဲ့ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
“ဘုန်းကြီး အချင်းချင်း ပြဿနာဖြစ်ကြတာလို့ကြားတယ်။” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
၎င်းတို့ ဖမ်းဆီးခံရတာက နိုင်ငံရေးနဲ့ဆက်စပ်မှု မရှိဘူးလို့လည်း အဆိုပါမြို့ခံက ဆက်ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သံဃာတွေရဲ့ ကျောင်းကို ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေ ခဲ့ဖူးပါတယ်။
ဖမ်းဆီးသွားတဲ့ သံဃာ ၃ပါးနဲ့ အမျိုးသမီးတစ်ဦးကို ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လဝကရုံးပစ်ခတ်မှုနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကို အကြောင်းပြပြီး ဒေသခံအများအပြားကို ဖမ်းဆီးခံခဲ့ပါတယ်။
လက်ရှိမှာလည်း ဖမ်းဆီးထားသူတွေကို လောင်းလုံးမြို့မရဲစခန်းအချုပ်မှာ ဆက်လက် ချုပ်နှောင်ထားလို့ အချုပ်ခန်းမဆံ့တော့တဲ့အနေအထားအထိ ရောက်နေတယ်လို့ သိရပါတယ်။