စစ်ကောင်စီတပ်စခန်းချထားတဲ့ လောင်းလုံးမြို့နယ်ရှိ သဲပုံတောင်ပေါ်ကနေ လက်နက်ကြီး မကြာခဏပစ်ခတ်နေလို့ အနီးတဝိုက်က ရာဘာခြံတွေ လုပ်ငန်းရပ်နားထားရတယ်လို့ ခြံပိုင်ရှင်တွေက ပြောပါတယ်။
သဲပုံတောင်(ခေါ်) အင်းဝတောင်တဝိုက်မှာ ပြီးခဲ့တဲ့ မေလကတည်းက စစ်ကောင်စီတပ် ကလက်နက်ကြီးအထိုင်ချတပ်စွဲထားတာပါ။ အဲ့ဒီတောင်တဝိုက်မှာ ရာဘာခြံတွေ အများအပြားရှိပြီး တောင်ခြေ တမိုင်ပတ်လည် လောက်က ရာဘာခြံဧက ရာဂဏန်းလောက်က ဆက်လက် လုပ်ကိုင်လို့မရဲဘဲ ရပ်နားထားရတာပဲ ဖြစ်ပါတယ်။
“နေ့ဘက်တောင် ခြံထဲတောင်ဝင်လို့ မရဲဘူးဖြစ်နေတာ။ အကုန်ပစ်ထားရတယ်” လို့ သဲပုံတောင်အနီးမှာ ရာဘာခြံ ငါးဧက လောက် လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
အခုမိုးရာသီအကုန် ပွင်းလင်းရာသီကာလအဝင်မှာ ရာဘာခြံရှင်တွေဟာ ခြံရှင်းတာ၊ တောရှင်းတာတွေပြန်လည်လုပ်ကိုင်တတ်သလို တချို့ကလည်း ရာဘာအစေးခြစ်တာတွေပါ စတင် လုပ်နေကြတဲ့အချိန်ပဲ ဖြစ်ပါတယ်။
သဲပုံတောင်ပေါ်က စစ်ကောင်စီတပ်သားတွေဟာ အခုလထဲမှာ လက်နက်ကြီးနဲ့ နေ့ရောညပါ မကြာခဏပစ်ခတ်နေသလို ဆိုင်ကယ်မီးရောင်နဲ့ ဓာတ်မီးရောင်တွေ မြင်ရင်လည်း သေနတ်နဲ့လှမ်းပစ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးတွေပစ်ခတ်ရာမှာ အနီးအနားကရာဘာခြံတွေအပြင် လူနေအိမ်တွေဘက်ကိုပါထိမှန်နေလို့ တောင်ခြေအနီးတဝိုက်က သဲပုံ၊ သာယာကုန်းနဲ့ မင်းရပ်ရွာတွေက ဒေသခံတွေကလည်း စိုးရိမ်နေကြပါတယ်။
မင်းရပ်ရွာခံတစ်ဦးက “တိုက်ပွဲဖြစ်ရင်ပဲ ခဏနဲ့ပြီးသွားဦးမယ်။ အခုက အထိုင်ဖြစ်သွားပြီ။ စခန်းကိုအခိုင်အမာဆောက်ပြီးနေနေကြတော့ တော်ရုံ မပြန်တော့ဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့တပတ်အတွင်းမှာလည်း သဲပုံတောင်ကနေ လက်နက်ကြီး ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့လို့ မင်းရပ်ရွာက နေအိမ်ခြံဝင်းတွေထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့သလို တရားရိပ်သာအဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။