လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းက ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။ ကျဆုံးသူတွေကတော့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က ရဲဘော်ကြွက်နီနဲ့ ရဲဘော်ကျေးငှက်တို့ ဖြစ််တယ်လို့ သိရပါတယ်။ သူတိုနှစ်ယောက်ဟာ အခုနှစ်အတွင်းမှာ တာဝန်ထမ်းဆောင်ရင်း နေမကောင်းဖြစ်ကာ ကျဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “နှစ်ယောက်တချိန်တည်း ကျတာတော့မဟုတ်ပါဘူး။ တယောက်စီကျတာပါ။ ကျနော်တို့ဘက်က လုံခြုံရေးအခြေအနေကြောင့် အခုမှထုတ်ပြန်ရတာပါ” လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုအုန်းအုန်းက ပြောပါတယ်။
ထုတ်ပြန်ချက်မှာတော့ အသက်ပေးလှူကျဆုံးခဲ့တဲ့ ရဲဘော်ကြွက်နီနဲ့ ရဲဘော်ကျေးငှက် တို့ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပြီး အရေးတော်ပုံအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တိုင်တည်သစ္စာကတိပြုကြောင်း ရေးသာထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကလည်း သဲပုံတောင်စစ်ကောင်စီစခန်းကို လက်နက်ကြီးနဲ့သွားရောက်ပစ်ခတ်ချိန် လက်နက်ကြီး မတော်တဆဖြစ်ပြီး လောင်းလုံး PDFက ရဲဘော်ဆီဗူးကျဆုံးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်စုစုပေါင်း ၁၀ ဦးဝန်းကျင်အထိရှိပြီလို့လည်း သိရပါတယ်။